close

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) က ကျောင်းသား ၁ ဦး ထပ်မံ ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ နိုဝင်ဘာ ၃ ရက် ည ၁၁ နာရီလောက်က  နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) က ကျောင်းသား တယောက် ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

ဖမ်းဆီးခံရသူဟာ တတိယနှစ် EcE Major ကျောင်းသား ကို​ဇေယျာလင်း ဖြစ်ပြီး နေအိမ်မှာရှိနေစဉ် ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။

နေအိမ်ကို စစ်ကောင်စီတပ်သား အင်အားအလုံးအရင်း ဝိုင်းပြီး လက်​နောက်ပြန် လက်ထိပ်ခတ်ကာ ကိုဇေယျာလင်းကို ခေါ်​ဆောင်သွားကာ ခဏအကြာမှာ စစ်ကောင်စီတပ်သားတွေ နောက်တကြိမ် ​နေအိမ်ကို ပြန်လာပြီး ကို​ဇေယျာလင်းရဲ့ လက်ကိုင်ဖုန်းကို အိမ်အတွင်း ​မွှေနှောက် ရှာ​ဖွေ ယူဆောင်သွားတယ်လို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားသမဂ္ဂ ကနေ သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ညပိုင်းကလည်း နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) 5th Batch မှ Advanced Materials Engineering (အဆင့်မြင့်ဒြပ်ပစ္စည်း အင်ဂျီနီယာ) မေဂျာ မှာ တက်​ရောက်​နေ​တဲ့ ကိုမျိုးသူနိုင်ကို မိတ္ထီလာမြို့ရှိ နေအိမ်မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုမျိုးသူနိုင်နဲ့ ကိုဇေယျာလင်း တို့ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up