မြောက်ကိုရီးယားတွင် ကိုဗစ်ရောဂါတိုက်ဖျက်ရေး ကျောင်းသားများ ပါဝင်လှုပ်ရှားရန် တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံဟာ ကျောင်းတွေမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို ဆက်လက် အရှိန်မြှင့်ခဲ့ပြီး ကျောင်းသားတွေကို သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
KCNA ရဲ့ ရုပ်သံဗီဒီယိုတစ်ခုထဲမှာတော့ ခမ်ဆောင်အလယ်တန်းကျောင်း အမှတ် ၂ ကို ရောက်ရှိလာတဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့လက်တွေကို ဆေးကြောသန့်စင်ခဲ့ပြီး ခန္ဓာကိုယ်အပူချိန် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကို မြင်တွေ့ရပါတယ်။
အကာအကွယ်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေဟာ စာသင်ခန်းတွေနဲ့ စင်္ကြံတွေမှာ ပိုးသတ်ဆေးဖြန်းနေကြပုံတွေလည်း ပြထားပါတယ်။
ပြုံယမ်းကျောင်းသားနန်းတော်မှာ သီချင်းဆို၊ တီးဝိုင်းနဲ့ တိုက်ကွမ်ဒို လေ့ကျင့်တာစတဲ့ အတန်းအသီးသီးမှာ ပါဝင်တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို တွေ့ရပြီး ကျယ်ပြန့်တဲ့ သင်ရိုးညွှန်းတမ်းစာရင်းကိုလည်း KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ မနှစ် ဇွန်လက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စာသင်ခန်း တွေမှာ နှာခေါင်းစည်းတွေ မဖြစ်မနေ တပ်ခိုင်းခဲ့ပြီး အဝတ်လျှော်ဌာနတွေလည်းဖွင့်ပေး ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုတစ်ခုကိုတောင် သတင်းထုတ်တာမရှိပေမဲ့ နယ်စပ်ပိတ်တာနဲ့ ပြည်တွင်းခရီးသွားလာမှု တားမြစ်တာအပါအဝင် တင်းကျပ်တဲ့ ဗိုင်းရပ်စ်နှိမ်နင်းရေးအစီအမံတွေကို ချမှတ်ထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ ကိုဗစ် ရောဂါဖြစ်ပွားမှုကို တားဆီးလို့မရနိုင်ဘူး လို့ ပြောပါတယ်။