အသွင်ကူးပြောင်းရေးကာလပြီးလျှင် အစိုးရအဖွဲ့ ၌မပါဟု ဆူဒန်အာဏာသိမ်းစစ်တပ်အကြီးအကဲ ပြော

အာဖရိကတိုက်အရှေ့မြောက်ပိုင်းက ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်းရေးကာလပြီးပါက ဘယ်အစိုးရမှာမှ ပါဝင်မှာမဟုတ်ဘူးလို့ ဆူဒန် စစ်တပ်အကြီးအကဲ အဘ်ဒယ်ဖှာတာအယ်လ် ဘာဟန်က ပြောခဲ့ကြောင်း နိုဝင်ဘာ ၇ ရက် အယ်လ်ဂျာဇီးယား သတင်းမှာ ဖော်ပြပါတယ်။
ဆန္ဒပြသူတွေ သေဆုံးရတဲ့အတွက် စစ်တပ်မှာ တာဝန်ရှိတယ်ဆိုတဲ့ အချက်ကိုလည်း သူက ငြင်းဆိုခဲ့ပြီး လာမယ့် တနှစ်ခွဲအတွင်း ရွေးကောက်ပွဲ ကျင်းပမယ့် သူ့ကတိကိုလည်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။
အရင်လက စစ်အာဏာသိမ်းအပြီး ဆူဒန်ဝန်ကြီးချုပ် အဘ်ဒါလာဟမ်းဒေါ့ခ်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတာပါ။
နိုဝင်ဘာ ၇ ရက်မှာတော့ အာရပ်အသင်းချုပ် ကိုယ်စားလှယ်က ဟမ်းဒေါ့၊ ဘာဟန်တို့နဲ့ တွေ့ဆုံပြီး စစ်ဘက် အရပ်ဘက် မိတ်ဘက် အနေအထားကို ပြန်သွားဖို့ ဆွေးနွေးရေးက အရေးကြီးတယ်လို့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။