ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များအား သူရဲကောင်းဆု ချီးမြှင့်











အမေရိကန်နိုင်ငံအခြေစိုက် Chin TV International မီဒီယာက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ချင်းသူရဲကောင်းဆုကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေက ရရှိသွားပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ်တွေဟာ မတရားစစ်အာဏာသိမ်းမှုကို တွန်းလှန်ရာမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေဖြစ်ပြီး လက်ရှိအချိန်ထိ ရိုးရာတူမီးသေနတ်တွေနဲ့ ဒေသတွင်းပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြသူတွေ ဖြစ်ပါတယ်။
၈ ကြိမ်မြောက်အနေနဲ့ ကျင်းပတဲ့ Chin TV International မီဒီယာရဲ့ ဒီအခမ်းအနားမှာတော့ စာပေ၊ ဂီတ၊ ပန်းချီ၊ ပရဟိတစတဲ့ ဆုအမျိုးအစား ၁၁ မျိုး ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်ရဲ့ Chin TV တသက်တာအနုပညာရှင်ဆုကိုတော့ ပန်းချီဆရာ လူရှည်တောင် တန်း မိုးယဉ်သဲရာကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။
ပန်းချီဆရာလူရှည်တောင်တန်းမိုးယဉ်သဲရာဟာ အသက် ၇၀ အရွယ် ရှိနေခဲ့ပြီဖြစ်ကာ ပန်းချီနဲ့အသက်မွေးဝမ်းကျောင်းတဲ့ ချင်းတိုင်းရင်းသားအနည်းစုထဲက တယောက် ဖြစ်ပါတယ်။
သူဟာ ၁၉၇၀ ဝန်းကျင်ကာကကတည်းက ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားများ ထုတ်ဝေတဲ့စာတွေမှာ ပန်းချီရေးဆွဲခဲ့ပြီး ချင်းအငွေ့အသက်ပါတဲ့ ထူးခြားတဲ့ ရေးဟန်နဲ့ ပန်းချီကားပေါင်းများစွာ ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။