အိန္ဒိယတွင် လေထုညစ်ညမ်းမှုတိုက်ဖျက်ရန် ကားအသုံးပြုမှုနှင့်ကျောက်မီးသွေးစက်ရုံများပိတ်

အိန္ဒိယအစိုးရဟာ နယူးဒေလီမြို့တော်နဲ့ အနားက ဒေသတွေမှာနေကြတဲ့ ဒေသခံတွေကို ခြိမ်းခြောက်နေတဲ့ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရေး နိုဝင်ဘာ ၁၇ ရက်က ပိုတိုး ကြိုးစားနေပါတယ်။
မရှိမဖြစ် မဟုတ်တဲ့ ကားတွေကို သွားလာခွင့် တားမြစ်ပိတ်ပင်ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ငါးခုကိုလည်း ရပ်ထားဖို့ ပြည်ထောင်စု သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့ပါတယ်။
ကမ္ဘာ့အညစ်ညမ်းဆုံး မြို့တော်တွေထဲက တခုဖြစ်တဲ့ နယူးဒေလီဟာ နှစ်တိုင်း ဆောင်းရာသီမှာ မီးခိုးမြူထူတွေရဲ့ ဒဏ်ကို ခံနေရတာ ကြာပါပြီ။
ဗုဒ္ဓဟူးနေ့က လေထုအရည်အသွေး ညွှန်းကိန်းဟာ အဆင့် ၅၀၀ အနက် ၃၈၆ မှာ ရပ်တည်နေပြီး အင်မတန် ညံ့ဖျင်းတဲ့ အဆင့်မှာ ရှိနေပါတယ်။
ဒီအဆင့်ဟာ ကာလကြာရှည် ရှိနေခဲ့ရင် အသက်ရှူလမ်းကြောင်း မကျန်းမာတာတွေ ဖြစ်စေနိုင်ပါတယ်။
ဒေလီအစိုးရကလည်း မြို့တော်အတွင်း ကုန်ကားတွေ မဝင်ဖို့ တားမြစ်ပိတ်ပင်ခဲ့ပြီး ပုဂ္ဂလိက ကားတွေကနေ ထွက်လာတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ အများပြည်သူသုံး ဘတ်စ်ကား အစီးရေ တထောင်ကို ငှားရမ်းခဲ့ပါတယ်။
မရှိမဖြစ် ဝန်ဆောင်မှုတွေက လွဲလို့ ဒေလီမြို့ထဲ ကားအားလုံး ဝင်ခွင့် တားမြစ်ပိတ်ပင်ဖို့ ညွှန်ကြားချက် ပေးခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဂိုပယ်ရိုင်က သတင်းထောက်တွေကို ပြောပါတယ်။
စိုက်ပျိုးရေး ရာသီအသစ် မတိုင်ခင် လယ်သမားတွေက စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းတွေ ရိုးပြတ်တွေကို မီးရှို့နေတာကြောင့် လေထဲ အမှုန်ပါဝင်နှုန်း မြင့်တက်နေလို့ နိုဝင်ဘာလဟာ လေထုညစ်ညမ်းမှု ပိုဆိုးရွားတဲ့လ ဖြစ်လေ့ ရှိပါတယ်။