ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာဘောလုံးအသင်း အဆင့် ၃ ဆင့် ကျဆင်း

လက်ရွေးစင်ဘောလုံးအသင်းတွေရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို နိုဝင်ဘာ ၁၉ ရက်က ဖီဖာက ထုတ်ပြန်ခဲ့ရာမှာ မြန်မာဘောလုံးအသင်းက ပြီးခဲ့တဲ့လကထက် အဆင့် ၃ ဆင့် ကျဆင်းသွားပါတယ်။
အောက်တိုဘာလက အဆင့်သတ်မှတ်ချက် ၁၄၅ မှာ ရပ်တည်ခဲ့တဲ့ မြန်မာဘောလုံးအသင်းဟာ နိုဝင်ဘာလ သတ်မှတ်ချက်မှာတော့ ၃ ဆင့်ကျဆင်းပြီး ကမ္ဘာ့အဆင့် ၁၄၈ မှာ ရပ်တည်နေပါတယ်။
မြန်မာအသင်းဟာ အခုလအတွင်းမှာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် အာဖရိကကလပ် ဘူရွန်ဒီနဲ့ တူရကီနိုင်ငံမှာ ခြေစမ်းခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အာဆီယံဒေသတွင်းမှာတော့ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၉၉ နဲ့ အာဆီယံနံပါတ်တစ်အသင်းအဖြစ် ဆက်လက်ရပ်တည်နေပြီး ကမ္ဘာ့အဆင့် ၁၁၈ ရှိ ထိုင်း၊ ကမ္ဘာ့အဆင့် ၁၂၆ ရှိ ဖိလစ်ပိုင်အသင်းတွေက မြန်မာအသင်းရဲ့အထက်မှာ ရပ်တည်နေပါတယ်။
ဝါရင့်ကစားသမားတချို့ CDM ပြုလုပ်ထားတဲ့ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ တူရကီနိုင်ငံမှာ လေ့ကျင့်ခန်းဆင်းနေပြီး အပျော်တမ်း ကလပ်တချို့နဲ့လည်း ခြေစမ်းပွဲကစားခဲ့သလို နိုဝင်ဘာ ၂၅ ရက်မှာ အင်ဒိုနီးရှားနဲ့ ခြေစမ်းဖို့လည်းရှိပါတယ်။
ကမ္ဘာ့အဆင့် ၁ နေရာမှာ ဘယ်လ်ဂျီယံက ဆက်လက်ရပ်တည်ခဲ့ပြီး ဘရာဇီး၊ ပြင်သစ်၊ အင်္ဂလန်၊ အာဂျင်တီးနား၊ အီတလီ၊စပိန်၊ ပေါ်တူဂီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။