close

မြောင်မြို့နယ်တွင် နေအိမ်အချို့ကို စစ်တပ်ကမီးရှို့၊ တိုက်ပွဲကြောင့် ကနီဒေသခံ ၅၀၀၀ ခန့် တိမ်းရှောင်နေရ

‌စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ဘူကိုင်းကျေးရွာ နေအိမ်တချို့ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၉ ရက်‌ ည ၇ နာရီလောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မီးလောင်နေတာက ဘူကိုင်းရွာအနောက်ဖျားက မွေးမြူရေးလုပ်တဲ့ ကိုအောင်ဗလ နေအိမ်ကို ဒီကောင်တွေ မီးရှို့တာဗျ။ ပထမနွားစာထားတဲ့ ဂိုဒေါင်ကို ရှို့တယ်။ နောက်ပြီး နေအိမ်ပါရှို့ တယ်။ အခုလည်း နောက်တစ်အိမ်ကို ရှို့နေပြန်ပြီဗျ။ ဘာကြောင့် အခုလိုလာပြီး မီးရှို့ရတာလဲဆိုတော့ ဒလန်တစ်ယောက်ကို ရှင်းလို့ ကျောက်ရစ်ရွာရဲစခန်းမှာစခန်းချထားတဲ့ စစ်တပ်ကလာပြီး မီးရှို့တာ ဖြစ်နိုင်တယ်” ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့ခံရတဲ့ ကိုအောင်ဗလဟာ ဘယ်အဖွဲ့အစည်းမှာမှ မပါဝင်သလို ရွာရေး၊ ရပ်ရေးမှာ အာတက်သရော ပါဝင်လုပ်ကိုင်သူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဘူးကိုင်းကျေးရွာဟာ စစ်ကောင်စီ တပ်စွဲထားတဲ့ ကျောက်ရစ်ကျေးရွာနဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာတစ်ရွာလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၈ ရက် ညကလည်း ကျောက်ရစ်ရဲစခန်းကနေ ဘူးကိုင်းရွာကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကျေးရွာတွေက ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တဇယ်ချောင်ကျေးရွာအနီးမှာ  နိုဝင်ဘာ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေက လေကြောင်းကရော မြေပြင်ကပါ စစ်ကြောင်းထိုးလာတာကြောင့်  ကျေးရွာ ၅ ရွာက ဒေသခံတွေ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၅ ရက်ကစပြီး ၁၉ ရက်အထိ စစ်ကောင်စီတပ်တွေက  မဲဒင်းအုပ်စုအတွင်းဝင်ရောက် ရှာဖွေနေတာကြောင့် ရွာ ၄ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။

“ကျေးရွာ ၅ ရွာက လူတွေလည်း အခုအချိန်အထိ ရွာထဲမဝင်ရဲသေးဘူးဗျ ။စစ်ကောင်စီက မိုင်းတွေထောင်ထားခဲ့တာတွေလည်း ရှိတာကြောင့် အခုလို မဝင်ရဲတာပေါ့ဗျာ။ ဟိုတစ်နေ့က မင်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားခဲလို့ အမျိုးသမီးတစ်ဦးမိုင်းကွဲပြီး သေဆုံးခဲ့တာရှိခဲ့တယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ့ ဒီနေ့ နိုဝင်ဘာ ၁၉ ရက်နေ့အထိ ကျေးရွာ ၄ ရွာ အတွင်းကို ရှာဖွေတာတွေလုပ်နေတာကြောင့် အဲဒီအုပ်စုက ၄ ရွာက ဒေသခံတွေလည်း ထွက်ပြေးရတာဗျ။ တစ်ချို့ရွာတွေဆိုရင် ညအချိန်တွေဝင်ရောက်တာကြောင့် ညအချိန်ကြီး တောတောင်တွေထဲထွက်ပြေးရတာကြောင့် မြွေအကိုက်ခံရတဲ့ ပြည်သူတစ်ဦးရှိခဲ့တယ်။”

ကနီမြို့နယ်အတွင်း တဇယ်ချောင်ရွာ၊ ပန်းဆိုင်း၊ ညောင်ပင်ဝန်း၊ မင်းကုန်း၊ ရှမ်းမြောင်း၊ ကျွန်း၊ မဲဒင်တောင်၊ မဲဒင်မြှောက်၊ စဖိုကြီး စတဲ့ရွာတွေက ဒေသခံ ၅ ထောင်နီးပါး စစ်ဘေးရှောင်နေရပြီး တချို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up