နည်းပြပြောင်းလဲရန် မရှိကြောင်း PSG ဒါရိုက်တာပြော

ပီအက်စ်ဂျီအသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နည်းပြပြောင်းလဲသွားဖို့ မရှိသလို သတင်းတွေ ထွက်ပေါ်နေတဲ့ ဇီဒန်းနဲ့ ဆက်သွယ်တာလည်း မရှိကြောင်း အသင်းဒါရိုက်တာ လီယိုနာဒိုက ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နည်းပြ ပိုချက်တီနိုကို ယူနိုက်တက်အသင်းဆီ ထွက်ခွာခွင့်ပြုဖို့ အသင့်ရှိနေပြီး အပြောင်းအလဲလုပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။
အသင်းဒါရိုက်တာ လီယိုနာဒိုကတော့ အဲဒီသတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး ဇီဒန်းနဲ့ ဆက်သွယ်တာမရှိသလို ပိုချက်တီနိုနဲ့လည်း လမ်းခွဲဖို့မရှိကြောင်း အတည်ပြုခဲ့တာပါ။
“ပိုချက်တီနို ထွက်ခွာမှာ မလိုချင်သလို သူ့ဘက်ကလည်း ထွက်ခွာဖို့ တောင်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဘယ်အသင်းကမှလည်း သူ့ကို ဆက်သွယ်တာမရှိပါဘူး။ ဇီဒန်းကို ကစားသမားအနေနဲ့ရော၊ နည်းပြအနေနဲ့ပါ လေးစားပေမယ့် သေချာတာကတော့ သူနဲ့ဆက်သွယ်တာ၊ ဆွေးနွေးတာ ဘာမှမရှိပါဘူး” လို့ လီယိုနာဒိုက ပြောပါတယ်။
နည်းပြပိုချက်တီနိုကိုယ်တိုင်ကလည်း သတင်းတွေက ကောလာဟလသာဖြစ်ပြီး အဲဒီလို သတင်းတွေနဲ့ အသားကျနေပြီဖြစ်ကြောင်း၊ ပီအက်စ်ဂျီအတွက်ပဲ အာရုံစိုက်ထားကြောင်း ရှင်းလင်းခဲ့ပါတယ်။