close

ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းနင်းမိပြီး အနည်းဆုံး ၈ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက မိုင်းနင်းမိတာကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၈ ယောက်လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ PGF ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ကင်းဆုတ်နဲ့ ကင်းမကျေးရွာကြားမှာ ဒီနေ့မနက် ၉ နာရီကျော်လောက်က PGF တပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကို စစ်ကောင်စီတပ်သားတွေ နင်းမိတာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ပျံလွှားက ပြောပါတယ်။

“စစ်အုပ်စုဟာ သက္ကယ်ကျင်းဘက်က တစ်ကြောင်းနဲ့ မန်းဘက်က တစ်ကြောင်း အရိပ်မဲ့ စစ်ဆင်ရေးဆိုပြီးတော့ စစ်ကြောင်းထိုးလာတာကြောင့် ကျနော်တို့ ဘက်ကလည်း အရိပ်မဲ့ မိုင်းနဲ့ ပေးတွေ့လိုက်တာ။” 

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို အခုတစ်ပတ်အတွင်းမှာ သက္ကယ်ကျင်းနားမှာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ တစ်ကြိမ်၊ လယ်ရိုးကုန်းမှာတစ်ကြိမ်၊ ဘိုမယ်နဲ့ လက်ပံလှနားမှာ တစ်ကြိမ်၊ အိုင့်ကျယ်နဲ့ ဝန်ခြုံးကြားမှာ တစ်ကြိမ်၊ ကင်းဆုတ်နဲ့ ကင်းမကြားမှာ ၂ ကြိမ်းမိုင်းခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါးလောက် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေလည်းဖွဲ့ပြီးသွားပြီဖြစ်ပြီး စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ခုခံစစ်ပြောက်ကျားနည်းနဲ့  ဆွဲမိုင်း၊ တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ ပြန်လည်တိုက်ခိုက်နေသလို ထိပ်တိုက်ပွဲတွေ ဆင်နွှဲတာလည်း ရှိတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီတပ်ဘက်က ကျနော်တို့ စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပေမယ့် PGF တပ်ဖွဲ့အနေနဲ့ စခန်းချနေထိုင်တာမရှိဘဲ ကျနော်တို့ ရောက်တဲ့နေရာက PGF စခန်းဖြစ်တယ်” လို့ ဗိုလ်ပျံလွှားက ပြောပါတယ်။

ပေါက်မြို့နယ်ထဲမှာ စစ်ဘေးဘေးရှောင်ပြည်သူ ၁၀၀၀၀ နီးပါးလောက် ဘေးလွတ်ရာ တောထဲနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ အကူညီလိုအပ်နေပြီး PGF တပ်ဖွဲ့က တပ်နိုင်သရွေ့ ထောက်ပံ့ပေးနေတာကြောင့် ပြည်သူတွေအနေနဲ့ PGF တပ်ဖွဲ့ကို လှူဒါန်းပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ စာရင်းတွေကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up