ဆာလက်ကို သက်တမ်းတိုးရန် ဆွေးနွေးမှု ထူးခြားမှုမရှိသေးကြောင်း နည်းပြကလော့ပ်ဝန်ခံ

တိုက်စစ်ကစားသမား ဆာလက်ကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုဟာ လက်ရှိအချိန်အထိ အကြောင်း မထူးသေးဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
ဆာလက်ဟာ အသင်းနဲ့ ၁၈ လ သက်တမ်းသာ ကျန်ရှိတော့ပြီး ပြီးခဲ့တဲ့လပိုင်းကတည်းက သက်တမ်းတိုးဖို့ ဆွေးနွေးမှုတချို့ရှိခဲ့ပေမယ့် ထူးခြားမလာသေးတာပါ။
နည်းပြကလော့ပ်ကတော့ ဆာလက် လို ထိပ်တန်းကစားသမားတစ်ဦးကို စာချုပ်သက်တမ်းတိုးဖို့က မလွယ်ကူဘဲ သဘောတူညီမှုရဖို့လိုတယ်လို့ ပြောပါတယ်။
“မိုဆာလက်က အသင်းမှာ အဆင်ပြေနေပါတယ်။ ကျနော်တို့လည်း ဆွေးနွေးနေပါတယ်။ မိုကို သွားမေးရင်တော့ သူလည်း ဖြေကြားပါလိမ့်မယ်။ ကျနော့်အနေနဲ့ နည်းနည်းပဲပြောနိုင်ပါတယ်။ ကျန်တာကတော့ ပြင်ပကို ထုတ်ပြောလို့ရတဲ့ကိစ္စတွေမဟုတ်ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။
ဆာလက်ကတော့ အသင်းမှာဆက်ရှိနေလိုပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ သဘောတူညီမှုမရသေးလို့ ဖြေရှင်းဖို့လိုအပ်ကြောင်း ပြောပါတယ်။
ဆာလက်ကို ဘာစီလိုနာနည်းပြ ဇာဗီက ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။