ရွှေ့ပြောင်းလုပ်သားများစီးလာသည့်ကား စစ်ဆေးရေးကိုရှောင်ရာမှ တိမ်းမှောက်၊ ၃ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ ဒီဇင်ဘာလ ၈ ရက် မနက်က ရွှေ့ပြောင်းအလုပ်သမားတွေကို တင်ဆောင်လာတဲ့ ကား ၁ စီး တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ ၃ ဦး ဒဏ်ရာရသူ ၁၅ ဦးရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့မနက် ၇ နာရီ ၄၀ မိနစ်လောက်က အယုဒ္ဓယခရိုင် မဟာရတ်ချ်မြို့နယ် ဘန့်နား အုပ်စုအပိုင်းရှိ အာရှလမ်းမကြီးပေါ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းပေးချက်ရ တဲ့အတွက် လူနာတင်ယာဉ်ကားတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ တိုယိုတာဟိုင်းလပ်ကားတစ်စီး လမ်းဘေးကမြောင်းထဲမှာ ပက်လက်လှန်တိမ်းမှောက်နေပြီး ဒဏ်ရာရသူ သတိမေ့သူ သေဆုံးသူတွေပြန့်ကြဲနေတာကြောင့် လူနာတင်ယာဉ်ကား ၄ စီးနဲ့ မ ဟာရတ်ဆေးရုံ၊ အန်ထောင်းဆေးရုံကို ပို့ပေးခဲ့တယ်လို့ မဟာရတ်ချ်နယ်မြေရဲစခန်း ဒုရဲအုပ် နုပ်ဖုန်း ဖူးဆမ်လောင်းက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အမျိုးသား ၃ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ဒဏ်ရာရသူ အမျိုးသားရော အမျိုးသမီးပါ ၁၅ ယောက်ဖြစ်ကြောင်း၊ သူတို့ဆီမှတွေ့ရှိတဲ့ စာရွက်စာတမ်းစစ်ဆေးချက်အရ မြန်မာအလုပ်သမားတွေဖြစ်နိုင်ပြီး ယာဉ်မောင်းသူကတော့ လမ်းဘေးရှိ ငှက်ပျောတောထဲထွက်ပြေး တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ သူတို့ဟာ ဆင်းပူးရီးခရိုင် အဝေးပြေးလမ်းမကြီး ပေါ်မှာကတည်းက တိမ်းမှောက်တဲ့ကားနဲ့ နောက်ကား ၁ စီး အပြိုင်မောင်းနှင်လာပြီး ၁ စီးမှာ လေးလံနေကာ သတ်မှတ်ထားတဲ့ မိုင်နှုန်းလည်းကျော်တာကြောင့် ရပ်တံ့စစ်ဆေးဖို့ အမိန့်ပေးခဲ့ ကြောင်း၊ ဒါပေမဲ့ ကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့်ပြီး မောင်းပြေးသွားလို့ မသင်္ကာတာနဲ့ နောက်ကလိုက်လာစဉ် အယုဒ္ဓယမှာ တိမ်းမှောက်သွားတာလို့ ပြောပါတယ်။
လတ်တလော ကားပိုင်ရှင်နဲ့ ထွက်ပြေးသွားတဲ့ကားသမားကို လိုက်လံရှာဖွေနေပြီး ဒဏ်ရာရ သူတွေဟာ တရားဝင် ဝင်ရောက်လာခြင်းရှိ၊ မရှိ ဆက်လက်စစ်ဆေးသွားကာ တရားမဝင် လ.ဝ.က ဥပဒေနဲ့ အရေးယူသွားမယ်လို့ မဟာရတ်ချ်နယ်မြေရဲတပ်ဖွဲ့က ပြောသွားပါတယ်။
ကိုးကား - Thairath / Amarin TV News