close

ဘန်ကောက်တွင် ၁၃ နှစ်ကြာ ကျွန်ပြုခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၁ ဦးအား ကယ်တင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိက နေအိမ်တအိမ်မှာ  ၁၃ နှစ်ကြာ အိမ်ဖော်လုပ်ခဲ့ရပြီး လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့  မြန်မာအမျိုးသမီး တယောက်ကို  အလုပ်သမားကူညီရေးအဖွဲ့နဲ့ ထိုင်းတာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က သွားရောက်ကယ်ထုတ်ခဲ့ကြပါတယ်။ 

အဆိုပါအမျိုးသမီးဟာ ဘန်ကောက်၊ ဆွန်လုံနယ်မြေ၊ လမ်းသွယ် ၁၁ ဖကားမာတ့်ဆ် အိမ်ရာရှိ နေအိမ်တအိမ်မှာ  အိမ်ဖော်အဖြစ်နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး အပြင်ထွက်ခွင့်မရ၊ လစာလည်းမရကြောင်း တာဝန်သိပြည်သူတွေက LPN အလုပ်သမား အရည်အသွေးမြှင့်တင်ရေး ကွန်ယက် ဖော်ဒေးရှင်းအဖွဲ့ကို တိုင်ကြားခဲ့တာပါ။ 

အဆိုပါအဖွဲ့ကလည်း DSI အထူးမှုခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ထံပြန်ဆက်သွယ်လာတာကြောင့် စုံစမ်းစစ်ဆေးပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် နေ့က လူကုန်တားရဲတပ်ဖွဲ့နဲ့အတူ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ထိုင်း DSI ညွှန်ကြားရေးမှူး နိုင်းတရိုင်းရိုတ် တိမ်းဟိဝုန်း က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရောက်သွားချိန်မှာ  အသက် ၂၆ နှစ်ခန့် အရွယ်ရှိ အမျိုးသမီးဟာ  ကြောက်ရွံ့အားငယ်တဲ့ပုံစံနဲ့ သူ့ကိုဒီကနေအမြန်ခ ခေါ်ထုတ်သွားဖို့ တောင်းဆိုနေတဲ့အကြည့်တွေနဲ့ ကြည့်နေကြောင်း၊ သူဟာ အဆိုပါအိမ်မှာ အိမ်ဖော်လုပ်နေတာ ၁၃ နှစ်ကျော်ပြီဖြစ်ကာ စရောက်တဲ့နေ့ ကိုတော့ မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။

အဲဒီအိမ်မှာ အလုပ်စလုပ်ကတည်းက လစာတစ်ခါမှ မရဖူးသလို ဘယ်မှလည်းသွားခွင့်မရှိကြောင်း၊ ဒါကြောင့် ဒီအမှုဟာ  လူကုန်ကူးမှု၊ အဓမ္မ လုပ်အားစေခိုင်းမှု၊ ခေတ်သစ်ကျွန်ပြုမှုတွေနဲ့ ပတ်သက်တယ်လို့ DSI တာဝန်ရှိသူက ပြောပါတယ်။ 

ဘယ်သူမဆို လူကုန်ကူးခံရ၊ မတရားခိုင်းစေခံရ၊ နှိပ်စက်ခံနေရ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေရှိရင်  ဘန်ကောက် ရတ်ဆီနယ်မြေ ထောင်းလော်ရပ်ကွက် ကျဲင့်ဝပ်ထနလမ်း အမှတ် ၁၂၈ ရှိ DSI ရုံးကိုလည်းကောင်း အရေးပေါ်ဖုန်း ၁၂၀၂ ကိုလည်းကောင်း ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ဆို ပါတယ်။

ကိုးကား - https://www.dailynews.co.th/news/544347/

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up