Silent Strike ပြုလုပ်သည့် မူဆယ်မြို့က ဈေးဆိုင်များ ၁ လ ပိတ်သိမ်းမည်ဟု စည်ပင်ကြေညာ

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဆိုင်မဖွင့်တဲ့ မူဆယ်မြို့ဈေး ဆိုင်တွေကို ၁ လကြာ ဆိုင်ပိတ်ခံရမယ်လို့ စည်ပင်သာယာက လိုက်လံ ကြေညာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံတ၀န်း ဈေးတွေ၊ ဆိုင်တွေ မဖွင့်ဘဲ ငြိမ်သက်ခြင်းသပိတ် Silent Strike ဆင်နွှဲနေကြတာပါ။
အကြောင်းပြချက်မရှိဘဲ ဆိုင်တွေ မပိတ်ထားဘဲ ဖွင့်ထားကြဖို့၊ ဆိုင်မဖွင့်ပါက ၁ လ ပိတ်သိမ်းမယ်လို့ မူဆယ် မြို့အတွင်း စည်ပင်သာယာရေး ဌာနက ဒီနေ့မနက် လိုက်လံသတိပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
"၁၀ ရက်၊ ၁၂ လ၊ ၂၀၂၁ ရက်နေ့ မူဆယ်မြို့နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ဈေးများအားလုံး ခိုင်လုံသည့် အကြောင်းပြချက် တစုံတရာမရှိဘဲ ယနေ့ ဈေးရောင်း ချခြင်း မရှိပါက မြို့နယ် စည်ပင်သာယာရေး ဌာန၏ ဈေးစည်းကမ်းဥပဒေအရ ၁ လ ယာယီ ပိတ်သိမ်းသွားမှာ ဖြစ်ကြောင်း ကြိုတင် အသိပေး အကြောင်းကြားအပ်ပါသည်ခင်ဗျား" ဆိုပြီး လိုက်လံ သတိပေးနေတာလို့ ဆိုပါတယ်။
အဲဒီလို လိုက်လံ ခြိမ်းခြောက်နေပေမယ့် ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးကို တော်လှန်ရေးနဲ့ သိမ်းပိုက်ဖို့ နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြည်သူ့ဆန္ဒကို ဖော်ထုတ်တဲ့အနေနဲ့ ဈေးဆိုင်တွေ ပိတ်ထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။