close

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆လ ချမှတ်ခံရ

Photo : Democracy Movement Strike Committee-Dawei

ထားဝယ်ပင်မသပိတ်စစ်ကြောင်း ဦးဆောင်သူ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး(ခ) ညိုမာအား ထားဝယ်အကျဥ်းထောင်တွင်းတရားရုံးက ၅၀၅(က) နဲ့ ဆက်စပ်ပုဒ်မတွေအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DNPP) ဆီက သိရပါတယ်။

မညိုမာဦးနဲ့ အခြားလူငယ် ၃ ဦးအား မေ ၂၉ ရက်နေ့က ရှမ္မလည်ဆွဲရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး  ပုဒ်မ ၅၀၅ (က) နဲ့ ၅၀၅(ဂ)တို့နဲ့ တရားဆွဲဆိုခဲ့တာပါ။

မညိုမာဦးကို ထားဝယ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ဒီနေ့မှ သတင်းရရှိတာလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်  ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂ ဦးကတော့ ပြန်လွတ်လာပြီလို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိ မညိုမာဦးအပါအဝင် ၂ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီး တစ်ဦးကတော့ အမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သပိတ်ကော်မတီ တာဝန်ရှိသူက “အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးပြီး၊ လက်အောက်ခံ တရားရုံးက မတရားပုဒ်မတပ် ထောင်ချတာဟာ  မတရားမှုဆိုတာတော့ပေါ်လွင်ပြီးသားပါ။ မတရားဖမ်းဆီးပြီး ထောင်ချခံနေရတဲ့ ရဲဘော်တွေအတွက် တတ်နိုင်သမျှ ကူညီပေးရင်း ကျနော်တို့လည်း တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားပြီး ဆက်လုပ်သွားဖို့ပဲ့ရှိတယ်။” လို့ ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးရိုက်နှက်မှုတွေ ရှိနေတဲ့ကြားက ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေဟာ နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up