နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာပွဲ တိုကျိုမြို့တော်တွင် ကျင်းပ (ဓာတ်ပုံ)










မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ လူစည်ကားရာ ရှင်ဂျူခုရှိ ခဘူခိချို ရပ်ကွက်မှာ ဒီဇင်ဘာ ၁၂ ရက်က နွေဦးပွဲတော်အမည်နဲ့ ကျင်းပပါတယ်။
တိုကျိုနွေဦးပွဲတော်ကို မြို့တော်ဝန်ဟောင်း မစ္စတာယိုရှိနိုဖူဂျီနာဝါနဲ့ အထက်လွှတ်တော်အမတ် မစ္စတာ အီချီဘရှီ မီချီဟီရိုတို့က ဖွင့်လှစ်ပေးခဲ့ပြီး NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားဗီဒီယိုပေးပို့ခဲ့ကာ မြန်မာအရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေ အပါအဝင် ဂျပန်ရောက်မြန်မာနိုင်ငံသား ၄၀၀၀ နီးပါး ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအတွက် တဖက်တလမ်းက အထောက်အကူပြုဖို့နဲ့ မြန်မာ့အရေးကို ဂျပန်တွေ ပိုမိုသိရှိ အားပေးကူညီစေရေးအတွက် ကျင်းပတာဖြစ်ပြီး ဂျပန်ရောက် မြန်မာလူငယ်အဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပကြတာဖြစ်တယ်လို့ ဦးဆောင်ကျင်းပရေးအဖွဲ့ဝင် ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
ပွဲတော်မှာ မြန်မာရိုးရာအစားအစာတွေအပြင် နွေဦးတော်လှန်ရေးအမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်တွေ ခင်းကျင်းပြသရောင်းချကြပြီး ပွဲတော်က ရရှိမယ့် အကျိုးအမြတ်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ပေးပို့လှူဒါန်းမယ်လို့ ပွဲတော် ဦးဆောင်ကျင်းရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ မလဲ့လဲ့လွင်က ပြောပါတယ်။
ပွဲတော်ဖြစ်မြောက်ရေး ကူညီပေးသူ ဆုယုဂရှိမ မြို့တော်ဝန်ဝန်ဟောင်း တက္ကသိုလ်ပါမောက္ခ ယိုရှိနိုဖူဂျီနာဝါက မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှ ဂျပန်ပြည်သူတွေကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်းရှိပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေးအတွက် အစွမ်းကုန်ကူညီပံ့ပိုးသွားမယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။
တိုကျိုနွေဦးပွဲတော်မှာ နွေဦးတော်လှန်ရေးသီချင်းတွေ၊ သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကြပြီး အဆိုတော် ရုပ်ရှင်မင်းသား မင်းမော်ကွန်းရဲ့ တခန်းရပ်ပြဇာတ်ကိုလည်း ဂျပန်ရောက်မြန်မာလူငယ်တွေက တင်ဆက်ပြသခဲ့ပါတယ်။