close

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေးတွင်သေဆုံး၊ စစ်ဗိုလ်ချုပ်များကို ဒဏ်ခတ်ရန် RSF တောင်းဆို

အပြည်ပြည်ဆိုင်ရာ လူ့ခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က မြန်မာနိုင်ငံတဝန်း အသံတိတ် ဆန္ဒပြနေတာကို သတင်းဓာတ်ပုံရိုက်နေတုန်း ဖမ်းဆီးခံရတဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာသေဆုံးသွားတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်ပါတယ်။ 

သတင်းဓာတ်ပုံရိုက်နေတုန်း  ရန်ကုန်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာကို ခံခဲ့ရပြီး ၄ ရက်အကြာမှာပဲ ကိုစိုးနိုင်သေဆုံးသွားခဲ့တာဖြစ်ပြီး သူ့ရဲ့အလောင်းကို မိသားစုထံ မနေ့က လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုစိုးနိုင်နဲ့ ဓာတ်ပုံသတင်းထောက် နောက်တဦးဖြစ်တဲ့ ကိုဇော်ထွန်းတို့ဟာ ရန်ကုန်မြို့၊ လသာမြို့နယ် ၂၁လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းတာကို ခံခဲ့ကြရပါတယ်။

ကိုစိုးနိုင်ဟာ ဓာတ်ပုံသမားတစ်ဦးဖြစ်သလို ဂရပ်ဖစ် ဒီဇိုင်နာတစ်ဦးလည်း ဖြစ်ပြီး  သတင်းယူဖို့ ကြိုးစားခဲ့တာကြောင့်ဖမ်းဆီးခံရပြီး အသက်ပေးခဲ့ရတဲ့ ပထမဆုံး မြန်မာသတင်းထောက် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေးမှာသေဆုံးသွားသလို ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းအပါအဝင်  ဂျာနယ်လစ် ၃ ယောက် ဖမ်းဆီးခံရကြောင်းနဲ့ သတင်းယူနဲ့ သတင်းသမားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာတဲ့ အတွက် နိုင်ငံတကာအသိုင်းအဝန်းက ဝိုင်းဝန်းရှုတ်ချဖို့နဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ဖို့ RSF ကတောင်းဆိုပါတယ်။ 

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သတင်းသမားပေါင်း ၅၇ ယောက်ရှိတယ်လို့ RSF ကထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up