close

တောင်တွင်းကြီးတွင် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် မိသားစုဝင် ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး

စစ်ကောင်စီတပ်တွေ အလိုရှိနေတဲ့ တောင်တွင်းကြီးမြို့၊ မောင်းတိုင် ၂ ရပ်ကွက်၊ နယ်ခြားလမ်းမှာ နေထိုင်တဲ့ လူငယ်တယောက်ကို ဖမ်းမမိတာကြောင့်  ဓားစာခံအဖြစ် အသက် ၁၂ အရွယ် မိန်းကလေး ၁ ယောက်အပါအဝင် မိသားစုဝင် ၃ ယောက်ကို  ဒီဇင်ဘာ ၁၃ ရက်ည ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးသွားပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတယောက်က  “စစ်ကောင်စီကနေ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်ဖြစ်တဲ့ ကိုစတားကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး တဖက်သတ်အလိုရှိနေတာပါ။ ကောင်လေးက တရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်နေတာ အဆက်အသွယ်မရတာလည်းကြာပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကိုစတားရဲ့မိခင်ဖြစ်တဲ့ အသက် ၆၂ နှစ် အရွယ် ဒေါ်သန်းသန်းစိုး၊ ညီမတွေဖြစ်တဲ့ မကွေးတက္ကသိုလ် တတိယနှစ် ကျောင်းသူ အသက် ၂၂ နှစ်အရွယ် မဆုလာဘ်ရတနာနဲ့ အသက် ၁၂ နှစ်အရွယ် အခြေခံပညာကျောင်းသူ မသွန်းသော်တာဇွန် တို့ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုစတားရဲ့ ဖခင်ဖြစ်တဲ့ အသက် ၆၀ ကျော် သွေးတိုး၊ ဆီးချို ဝေဒနာရှင် ဦးသန်းထွန်းကိုလည်း စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားတာ ၂ လနီးပါးကြာမြင့်နေပြီလို့ သိရပါတယ်။

အဆိုပါမိသားစုနဲ့ ဆွေမျိုးတော်စပ်သူတယောက်က  “မောင်စတားက တရုတ်နိုင်ငံဘက်မှာ အလုပ်သွားလုပ်နေတာ ၂ နှစ်နီးနီးရှိပြီ။ အဆက်အသွယ်လည်းမရဘူး။ သေလားရှင်လားလည်း မသိဘူး။ သူက နိုင်ငံရေး ဘာမှမလုပ်ဘဲနဲ့ သူ့ကြောင့်မိသားစုဒုက္ခများနေလို့ အမွေပြတ်လည်းကြေညာထားပြီးပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ဦးသန်းထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေက မတ်လ ၁၆ ရက်က ဝင်ရောက်ရှာတုန်းက အိမ်တွင်းပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးသွားပြီး ရွှေထည်တွေနဲ့ ကျပ်ငွေ ၉ သိန်းကျော်ယူဆောင်သွားသလို  အခုနောက်ပိုင်းမှာလည်း နေအိမ်ကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ဓားစာခံအဖြစ်ဖမ်းဆီးခံရတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် ကိုစတားရဲ့ မိသားစုဝင်တွေကို တောင်တွင်းကြီးမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တဦးက “သူတို့အားလုံး တောင်တွင်းကြီးရဲစခန်းထဲမှာပါ။ ဘာဆက်လုပ်မလဲ ဆိုတာတော့ အထက်အမိန့်ကိုစောင့်ရဦးမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဦးသန်းထွန်းရဲ့ သားအငယ်ဖြစ်တဲ့ ကိုနောင်ကိုလတ်ကိုလည်း သြဂုတ်လက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ကာ မကွေးဒေါင်းနေအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အပြစ်မဲ့ပြည်သူတွေကို ဓားစာခံအဖြစ် ရက်ရှည်ကြာအောင် ဖမ်းဆီးထားတာအပါအဝင် ပြည်သူတွေအပေါ်မှာ စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်ချိုးဖောက်နေတာလို့ ဥပဒေပညာရှင်လွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up