close

ဘီးလင်း BGF တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် BGF - ၁၀၁၃ တပ်စခန်းကို ကရင်မျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဒီဗွီဘီကို အတည်ပြုပါတယ်။

အဲဒီ BGF တပ်စခန်းကို ဒီဇင်ဘာ ၁၇ ရက် မနက် ၅ နာရီအချိန်လောက်ကစပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ည ၉ နာရီခွဲအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ BGF ဘက်က စခန်းမှူး အပါအဝင် ၄ ယောက်  ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့က ၁ ယောက် ကျဆုံးကာ  ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

BGF စခန်းအား သိမ်းယူပြီးနောက် စခန်းအတွင်းရှိ ကျန်ရှိနေတဲ့ ပစ္စည်းတွေနဲ့ တဲအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးတဲ့ ကတိုင်ဒိ BGFစခန်းရဲ့ လက်နက်ကြီး ၁၂၀ မမ ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

BGF စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ၆၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up