တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေးက ထုတ်လုပ်သည့် ကိုရီးယားစစ်ပွဲနောက်ခံရုပ်ရှင် ဝင်ငွေကောင်း

လတ်တလော နိုင်ငံတကာမှာ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက ဝင်ငွေအကောင်းဆုံး ထိပ်ဆုံးရုပ်ရှင်ကားတချို့ထဲက ထိပ်ဆုံးဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၀၂ သန်းထိ ရရှိနေတဲ့ကားကတော့ The Battle at Lake Changjin ဆိုတဲ့ ကိုရီးယားစစ်ပွဲနောက်ခံ ရုပ်ရှင်ဇာတ်လမ်းပါ။
ရိုက်ကူးထုတ်လုပ်စရိတ် အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက်ထိ အသုံးပြုထားပြီး တရုတ်နိုင်ငံ ရုပ်ရှင်တွေထဲမှာ ကုန်ကျစရိတ် စံချိန်တင်ခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်ချိရေးဌာနက စီစဉ်ထုတ်လုပ်တာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ အနှစ်တရာပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၀ အောက်တိုဘာလကနေ ၂၀၂၁ မေလထိ ရိုက်ကူးပြီး ၂၀၂၁ စက်တင်ဘာလမှာ နိုင်ငံတကာကို ဖြန့်ချိပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးပါတီ People Liberation Army တပ်သားတွေအနေနဲ့ လူပေါင်း ၇ သောင်းလောက် ပါဝင်အားဖြည့်ထားပါတယ်။
လွန်ခဲ့တဲ့ ၇၁ နှစ် (၁၉၅၀) လောက်က တရုတ် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းလက်ထက် ချန်ဂျင်း ရေကန်ကြီးနားက နာမည်ကျော်တိုက်ပွဲကြီးကို အခြေခံထားပါတယ်။ တရုတ်ကျေးလက် အရပ်သား စစ်သည်တပ်တွေနဲ့ မြောက်ကိုရီးယားကို ဝင်ရောက်ပြီး တိုက်ခိုက်တဲ့ စစ်ပွဲပါ။
အဆုံးစွန် အေးခဲနေတဲ့ ရာသီဥတု ဆိုးဆိုးရွားရွားထဲက ချန်ဂျင်းရေကန်ကြီးနားမှာ အမေရိကန် စစ်တပ်ကို ရွပ်ရွပ်ချွံချွံ သတ္တိပြောင်မြောက်အောင် တိုက်ခိုက်ခဲ့ကြလို့ ကိုရီးယားကျွန်းဆွယ် စစ်ပွဲကြီးရဲ့ အဆုံးအဖြတ် တိုက်ပွဲတခုလည်း ဖြစ်ခဲ့ပါတယ်။
Mega Film Distribution က ဖြန့်ချိတဲ့ ၃ နာရီကြာ ဒီဇာတ်ကားကြီးဟာ ကွန်မြူနစ်ဝါဒဖြန့်ချိရေး ဇာတ်လမ်းလို့လည်း ဝေဖန်ကြပြီး မလေးရှားနိုင်ငံမှာတော့ ရုံတင်ပြသခွင့် ပိတ်ပင်ခံထားရပါတယ်။

လက်ရှိ ရုံတင်ပြသနေတဲ့ ဇာတ်ကားတွေထဲက ဒုတိယ ဝင်ငွေအများဆုံး အနေနဲ့ ဒေါ်လာသန်းပေါင်း ၈၂၂ သန်းထိရှိတဲ့ ဒုတိယ ဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်လမ်းကတော့ “Hi Mom” ဆိုတဲ့ တရုတ် ဇာတ်ကားပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတကာကို ဖြန့်ချိခဲ့ပါတယ်။ ရှန်ဟိုင်းက ထုတ်လုတ်တဲ့ တရုပ်အမျိုးသမီး ဒါရိုက်တာရဲ့ ဟာသဇာတ်မြူးရုပ်ရှင်ဇာတ်လမ်းပါ။ အမေကိုချစ်တဲ့ သမီးတယောက်ဟာ သူ မမွေးခင်က အတိတ်ကာလကို ပြန်သွားပြီး သူဟာ သူ့အမေရဲ့ သူငယ်ချင်းတယောက်အနေနဲ့ သူ့အမေကို ပိုကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်လာနိုင်အောင် ကြိုးစားကြည့်တဲ့ သမီးတယောက်ရဲ့ ဇာတ်လမ်းမျိုးပါ။
၂၀၀၁ မှာ ကားမတော်တဆတခုဖြစ်ပြီး ဝေဒနာ ခံစားနေရတဲ့ အမေအတွက် အနှစ် ၂၀ လောက်ကွာတဲ့ ၁၉၈၁ ခုနှစ် ကာလထိ နောက်ပြန်ဆုတ်ကြည့်တဲ့ အချိန်ကာလခရီးသည် သမီးတယောက်ရဲ့ မေတ္တာဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

နိုင်ငံတကာ ရုံတင်ဇာတ်ကားတွေကြားမှာ လောလောဆယ် ဒေါ်လာ သန်းပေါင်း ၇၇၁ သန်းထိ ဝင်ငွေရနေတဲ့ စပိုင်ဇာတ်လမ်း 007 အေးဂျင့် ဂျိမ်းစ်ဘွန်း ဇာတ်လမ်းပါ။ ကိုဗစ် ရောဂါကြောင့် လူအုပ်စုဆုံမှုတွေကို ထိန်းချုပ်ထားတဲ့ကာလ အခက်အခဲတွေကြားကပဲ ဒီဇာတ်ကားကို စက်တင်ဘာလမှာ ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဂျိမ်းစ်ဘွန်းကားတွေမှာ မြင်တွေ့နေကျ Daniel Craig ကို MI6 ရဲ့ 007 စပိုင်ဘဝက အနားယူသွားတဲ့သူတယောက်အဖြစ် တွေ့ရမှာပါ။
ဒီတခါမှာတော့ ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့ MI6 ကနေထွက်ခွာခဲ့တဲ့ ဂျိမ်းစ်ဘွန်းကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ CIA က ကမ်းလှမ်းခဲ့ပြီး ပြန်ပေးဆွဲခံခဲ့ရတဲ့ ဇီဝလက်နက်တွေနဲ့ ပါတ်သက်တဲ့ သိပ္ပံပညာရှင်ကို ရှာဖွေတဲ့ အက်ရှင် ဇာတ်ကြမ်းဇာတ်လမ်းပါ။