close

ကရင် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖော်ဆောင်မည်၊ စစ်ရေးသတိဖြင့် သွားလာကြရန် အသိပေး

အာဏာသိမ်းစစ်ကောင်စီကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကရင်ပြည်နယ် (ပ.က.ဖ) အနေနဲ့ ရရာလက်နက်ဆွဲကိုင်ပြီး တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေကို စစ်ရေးသတိနဲ့ သွားလာကြဖို့ ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပစ်ခတ်တိုက်မှုရပ်စဲရေး အလေးမထားဘဲ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေနဲ့ တော်လှန်ရေး ရဲဘော်တွေကို  အာဏာသိမ်းစစ်ကောင်က အင်အားအလုံးအရင်းနဲ့ ဖိနှိပ်လာတဲ့အတွက် ရရာလက်နက်စွဲကိုင်ပြီး တိုက်ပွဲဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ အတူတကွ ပူးပေါင်းပါဝင်ကြဖို့၊ စစ်ကောင်စီယာဉ်တန်းနဲ့ စစ်ကောင်စီတွေ သွားလာလှုပ်ရှားတဲ့ အနီးအနား သွားလာတာမပြုဖို့၊ ညအချိန် ခရီးသွားလာတာ မပြုလုပ်ဖို့၊ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဘားအံ-ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းပိုင်းတွေပေါ်သွားလာမှုတွေကို စစ်ရေးသတိနဲ့ သွားလာကြဖို့ လေးလေးနက်နက် အသိပေးကြေညာထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကရင်ပြည်နယ် (ပ.က.ဖ) အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု(NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေဖြစ်နေတဲ့အတွက် စစ်‌ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မဆောင်ရွက်ခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်တပ်တွေအကြား ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မဲထော်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up