close

မုံးကိုးတွင် ပြည်သူ ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့အနီးက အောင်လော့တ်ရွာသစ်က ပြည်သူ ၁ ဦး ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည်စထိမှန် ဒဏ်ရရှိခဲ့‌တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"အင်း ဟုတ်တယ်၊ ကလေး ၁ ယောက်မိခင်၊ မုံးကိုး အောင်လော့တ်ရွာက ဒေါ်ရှိနန်ဒွဲ၊ အသက် ၃၉ နှစ်၊ လက်နက်ကြီး အိမ်ဘေးမှာ လာကျပြီး ပေါက်ကွဲတာ" လို့ ကူညီပေးသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်တို့ တိုက်ပွဲတွေကြောင့် အဲဒီရွာက ဒေသခံတွေ ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းက ရှောင်တိမ်းခဲ့ကြပြီး ‌ဒေါ်ရှိနန်ဒွဲကတော့ ဒီဇင်ဘာ ၁၈ ရက်နေ့က ဝက်စာတွေ သွားကျွေးဖို့ အိမ်ခဏပြန်ချိန် အိမ်ဘေးနား လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဝမ်းဗိုက်၊ ချက်ရဲ့အောက် ညာဘက်နား‌မှာ ကျည်စထိမှန် ဒဏ်ရာရခဲ့တာ လို့ ဒေသခံနောက်တဦးက ပြောပါတယ်။

"ရွာထိပ်မှာ ကိုးကန့်တွေ နေတယ်။ မြို့ဘက်မှာတော့ စစ်ကောင်စီက နေနေတာ။ မုံးကိုးအဝင် ရပ်ကွက် ၇ က စာသင်ကျောင်းမှာလည်း စစ်ကောင်စီတွေ နေတယ်။ အဲဒီကနေ ပစ်တင်လိုက်တာလား။ ဗျူဟာဘက်ကပဲ ပစ်လိုက်တာလားတော့ မသိဘူး။ ကျည် ၁ လုံးက အဲဒီရွာမှာ လာကျတာ။" 

ဒေါ်ရှိနန်ဒွဲဟာ လက်ရှိ မုံးကိုးပြည်သူ့ဆေးရုံမှ ဆေးကုသမှုခံယူနေပြီး ဆရာဝန်ရဲ့ ပြောပြချက်အရ သွေးကြော ထိခိုက်တာ မရှိပေမယ့်  အူပေါက်ပြဲမှု ရှိ၊ မရှိ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့အကြား တိုက်ပွဲကြောင့် မုံးကိုးမြို့နယ်အတွင်း လက်နက်ကြီးကျည်ထိမှန် သေဆုံးသူ ၄ ဦး၊ မိုင်းနင်းမိ သေဆုံးသူ ၁ ဦး၊ ပြောင်ဖူးခြံမှာ ပစ်သတ်ခံရသူ အမျိုးသား ၁ ဦး စုစုပေါင်း သေဆုံးသူ ၆ ရှိပြီဖြစ်ပြီး ၂ နှစ် ဝန်းကျင် ကလေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up