ကာကွယ်ဆေးထိုးပြီးသူနှင့် ကိုဗစ်နာလန်ထပြီးသူများပါ အိုမီခရွန် ကူးစက်နိုင်ဟု WHO ပြော

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်ဗိုင်းရပ်စ်ဟာ ဒယ်လ်တာဗိုင်းရပ်စ်ထက် ပိုလျင်မြန်ဆန်စွာ ပျံ့နှံနေပြီး ကာကွယ်ဆေးထိုးပြီးသူရော ကိုဗစ်နာလန်ထပြီးသူတွေကိုပါ ကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် အဒါနမ် ဂေဘရီယေဆက်စ် (Tedros Adhanom Ghebreyesus) က ပြောဆိုလိုက်ပါတယ်။
ဂျနီဗာမြို့ရှိ WHO ရုံးသစ်မှာ ဒေါက်တာ တက်ဒရော့စ်က အိုမီခရွန်က ဒယ်လ်တာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့နေတာကို ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရတယ်၊ ကာကွယ်ဆေးထိုးပြီးသူရော ကိုဗစ်အဖျားကနေ ပြန်သက်သာလာသူရော အိုမီခရွန်ကူးစက်နိုင်ပါတယ်လို့ ဂျာနယ်လစ်တွေကို ပြောခဲ့ပါတယ်။
WHO သိပ္ပံဆိုင်ရာအကြီးအကဲ ဆိုမိယာ ဆွာမိနာသန် (Soumya Swaminathan) ကလည်း “အေမီခရွန်ဗိုင်းရပ်သစ်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားတုံ့ပြန်စွမ်းတွေကို ကောင်းကောင်း ရှောင်ရှားသွားနိုင်တယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးတာ လုံးဝအလုပ်မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး၊ Booster ကာကွယ်ဆေးက ကိုယ်ခံအားနည်းတဲ့သူတွေကို ကာကွယ်ပေးနိုင်တယ်” လို့ ပြောပါတယ်။
ဒေါက်တာ တက်ဒရော့စ်က “၂၀၁၉ နှစ်ကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံအနေနဲ့ မူလစဖြစ်ခဲ့တဲ့ ဒေတာအချက်အလက်တွေကို မှန်မှန်ကန်ကန် ပေးဖို့ ပူးပေါင်းဆောင်ရွက်ပါ။ ဒါမှ ရောဂါရဲ့ဇာစ်မြစ်ကို အသေချာလေ့လာနိုင်ပြီး ကျနော်တို့ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်မယ်” လို့ ပြောခဲ့ပါတယ်။