ကစားသမားအားလုံး ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးရန်လိုဟု မန်ယူနည်းပြပြော

မန်ယူကစားသမားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးတာကို လိုချင်ကြောင်း နည်းပြ ရက်ဖ်ရင်းနစ်ခ်က ပြောထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းမှာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုတွေ ရှိခဲ့လို့ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
တခြားပရီးမီးယားလိဂ်ကလပ်တွေမှာလည်း ကိုဗစ်ကူးစက်မှုတွေရှိနေတာကြောင့် ကစားသမားတွေအားလုံးကို ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံထားဖို့ နည်းပြရင်းနက်ခ်က ဆန္ဒရှိနေတာပါ။
“လူတွေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ပတ်သက်ပြီး စည်းကမ်းတကျဖြစ်တဲ့နည်းလမ်းနဲ့ သွားဖို့ ကျနော်တို့တိုက်တွန်းရပါမယ်။ ပြီးတော့ ကစားသမားအားလုံးကို ကာကွယ်ဆေးထိုးနှံပြီးအောင် ဆက်ပြီးလုပ်ဆောင်သွားရပါမယ်” လို့ နည်းပြရင်းနစ်ခ်ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ယူနိုက်တက် ကစားသမားအားလုံးမှာ ကိုဗစ်ကူးစက်ခံရမှုမရှိတော့ဘဲ လေ့ကျင့်ခန်းပြန်ဆင်းနေပါတယ်။
ပရီးမီးယားလိဂ်မှာ ကစားသမားအားလုံးရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုက ၈၄ ရာခိုင်နူန်း သာရှိတာကြောင့် အားလုံးထိုးနှံကြဖို့လည်း ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။