တိုက်ပွဲများပြီးဆုံးလျှင် စစ်ရှောင်ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်ပြန်ပို့မည်

မြန်မာဘက်က စစ်ဘေးရှောင် ထွက်ပြေးလာသူတွေကို စစ်ရှောင်ယာယီစခန်းမှာ လူသားချင်း စာနာတဲ့အနေနဲ့ ယာယီလက်ခံရမှာဖြစ်ပြီး စစ်ပွဲမရှိတော့တဲ့အချိန် မြန်မာနိုင်ငံဘက် ပြန်ပို့သွားမယ်လို့ ထိုင်းစစ်တပ် ဗိုလ်ချုပ် ပရစံဆယ်စရိရက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှလည်း ထိခိုက်ဆုံးရှုံးမှုတွေရှိလာပြီး စစ်ဘေးရှောင်မြန်မာတွေအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေကို ဒီဇင်ဘာလ ၂၇ ရက်က နယ်စပ်တွေကို လာရောက်ကွင်းဆင့်လေ့လာစဉ် ထိုင်းစစ်ဗိုလ်ချုပ်က ပြောသွားတာပါ။
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီး ပတ်ဝန်းကျင်ကျေးရွာတွေက ရွာသား ပြည်သူတွေက နယ်စပ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှာ စစ်ဘေးရှောင် ခိုလှုံနေကြတာပါ။
မြန်မာနယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းရွာသားတချို့ရဲ့ နေအိမ်တွေ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး တန်ပြန်တဲ့အနေနဲ့ ထိုင်းဘက်က မီးခိုးကျည်နဲ့ ပြန်လည်အသိပေးပစ်တာရှိသလို နယ်စပ်မှာ သံချပ်ကာ ကားတွေနဲ့ လုံခြုံးရေး ပိုမိုတင်းကျပ် ကင်းလှည့်နေတာတွေလည်း ရှိပါတယ်။
စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ မြန်မာပြည်သားတွေကို ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနနဲ့ တခြားဌာနဆိုင်ရာတို့နဲ့အပြင် ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက်မြန်မာတွေ ပူးပေါင်းစောင့်ရှောက်ကြပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု မရှိစေဖို့ အပြင်လူဝင်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ်နဲ့ ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်ကဘက်က ဒီဇင်ဘာ ၁၄ ရက်က ဝင်ရောက်ကျူးကျော်ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ရှောင် ၁၂,၀၀၀ ဦးလောက် ထွက်ပြေးရှောင်တိမ်းနေကြရပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ တိုက်ပွဲလျော့သလို လက်နက်ကြီးပေါက်ကွဲသံတွေလည်း အနည်းငယ်သာ ကြားရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။