ဂျပန်တွင် ကားလမ်းနှင့်ရထားလမ်းပါ အသုံးပြုနိုင်သည့် DMV ယာဉ် စတင်ပြေးဆွဲမည်

ဂျပန်နိုင်ငံမှာ ကားလမ်းနဲ့ ရထားလမ်း နှစ်ခုလုံးပေါ်မှာ ဘတ်စ်ကားလိုရော ရထားလိုပါ မောင်းလို့ရတဲ့ DMV ယာဉ်ကို အများပြည်သူ စီးနင်းနိုင်ဖို့ တိုခုရှိမာ့စီရင်စု ခါ့အိယိုမြို့မှာ စနေနေ့ကစပြီး ပြေးဆွဲတော့မယ်လို့ ဒီဇင်ဘာ ၂၇ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
DMV ယာဉ်ဟာ မီနီဘတ်စ်နဲ့ ဆင်တူပြီး သမားရိုးကျ လမ်းပေါ်မှာ ရာဘာတာယာနဲ့ မောင်းနှင်မှာပါ။ ဘူတာရုံကို ရောက်ရင်တော့ ယာဉ်ရဲ့ ဝမ်းဗိုက်ပိုင်းကနေ သံမဏိ ရထားဘီး ဆင်းလာပြီး ရထားတွဲ အဖြစ်နဲ့ ပြောင်းလဲပြေးဆွဲမှာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်က စတင်တီထွင်ခဲ့တဲ့ DMV ယာဉ်စနစ်ကို ခုတော့ ဂျပန်နိုင်ငံ အာ့ဆာ့ကမ်းရိုးတန်း ရထားလုပ်ငန်းက စတင်ပြေးဆွဲနေတာပါ။ ခရီးသည် ၂၁ ယောက်ကို တင်ဆောင်နိုင်တဲ့ DMV ယာဉ်ဟာ ၁ နာရီ ၃၇ မိုင်နှုန်းနဲ့ ရထားလမ်းပေါ် သွားနိုင်ပြီး သာမန်ကား လမ်းပေါ်မှာတော့ ၁ နာရီကို ၆၂ မိုင်နှုန်းနဲ့ မောင်းနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
သက်ကြီးနိုင်ငံသားတွေ ပေါများတဲ့ ကျေးလက်ဒေသတွေမှာ ဒီစနစ်ဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အင်မတန်ကောင်းတဲ့ပုံစံဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ အာ့ဆာ့ ကမ်းရိုးတန်း ရထားလုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် ရှိငဲ့ခိ မိအုရက ရိုက်တာကို ဒီဇင်ဘာ ၂၄ ရက်က ပြောပါတယ်။