close

မကွေးတိုင်းဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးအချို့ကို အဂတိမှုဖြင့် နှစ်ရှည်ထောင်ဒဏ် များချ

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ အမှုလိုက်ပါအကျိုးဆောင်ပေးနေတဲ့ ရှေ့နေဆီကနေ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဦးတာ၊ ဆောက်လုပ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်တို့အား တရားစွဲဆိုထားတဲ့ အဂတိမှု ၈ မှုစလုံးအတွက် တစ်မှုကို ၃ နှစ်စီ ဒီကနေ့ အမိန့်ချလိုက်တာလို့ အမှုလိုက်ပါ အကျိုးဆောင်းပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကို အဂတိမှု ၆ မှုနဲ့ ထောာင်ဒဏ် ၁၈ နှစ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာကို အဂတိမှု ၂ မှုနဲ့ ထောင်ဒဏ် ၆ နှစ်၊ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးကို အဂတိမှု ၄ မှုနဲ့ ထောင်ဒဏ် ၁၂ နှစ်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကို အဂတိမှု ၂ မှုနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ သယံဇာတ သဘာပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ကို အဂတိမှု တစ်မှုနဲ့ ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တာလို့ ဆိုပါတယ်။

လွှတ်တော် ဥက္ကဋ္ဌ ဦးတာကတော့ အခုပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျေနပ်မှုမရှိတာကြောင့် အထက်တရားရုံးကို အယူခံတက်သွားမှာဖြစ်သလို ဒီဇင်ဘာ ၂၁ ရက်နေ့က ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တဲ့ အမှုကိုပါ အယူခံဆက်တက်သွားမယ်လို့ ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက "ဒီကာလမှာ ပြစ်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်လို့ ဘာမှမပြောလိုပါဘူး။ ကျနော်တို့တွေ အစိုးရအဖွဲ့ သက်တမ်းကာလမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တဲ့ တံတားတွေ၊ လမ်းတွေကိုပဲ ပြန်မြင်ယောင်နေတယ်" လို့ ပြည်သူတွေကို ရှေ့နေကတဆင့် အမှာစကားပါးလိုက်ပါတယ်။

စစ်ကောင်စီဘက်ကနေ ဦးသိန်းဇော်ဦးနဲ့ ဦးမိုးကျော်လွင်တို့ တရားလိုပြုလုပ်ကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဝနကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီး ၃ ဦးကို နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဥ်မှာ အစိုးရရဲ့ပိုင်ဆိုင်မှု ငွေကြေး ပစ္စည်းထိခိုက်ဆုံးရှုံး နစ်နာစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၈ မှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီကနေ့ ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up