ဂျီနီဗာလုံခြုံရေးဆွေးနွေးပွဲ ရုရှားနှင့်အမေရိကန် ဦးဆောင်မည်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဆာဂီးလ် ယတ်ဘ်ကို့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝင်ဒီ ရှာမန်တို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ကျင်းပမယ့် လုံခြုံရေးဆွေးနွေးပွဲကို ဦးဆောင်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန် နဲ့ ရုရှားကြား ဆက်ဆံရေး တင်းမာနေတာပါ။
ရုရှားဟာ မြောက်အတ္တလန္တိတ်စစ်ရေး မဟာမိတ်အဖွဲ့ နေတိုးနဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာတော့ ရုရှား၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေပါဝင်တဲ့ ပိုကျယ်ပြန့်တဲ့ အစည်းအဝေးကို ဩစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ကျင်းပဖို့ ရှိတယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ကျန်ခဲ့တဲ့ ၂လအတွင်း ရုရှားက ယူကရိန်းနဲ့နယ်စပ်မှာ စစ်သည်အင်အား သိန်းချီ တပ်ချထားခဲ့လို့ အနောက်နိုင်ငံတွေကို တပ်လှန့်သလို ဖြစ်ခဲ့တာပါ။
ရုရှားအစိုးရကတော့ ယူကရိန်းနိုင်ငံအား တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့စွဲချက်ကို ငြင်းဆိုခဲ့ပြီး သူ့နိုင်ငံထဲ တပ်တွေကို သင့်တော်သလို ရွှေ့ပြောင်းဖို့ အခွင့်အရေး ရှိတယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက် ဆွေးနွေးပွဲမှာ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး OSCE လည်း ပါဝင်ဆွေးနွေးမှာပါ။
ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်တို့ ကြာသပတေးည ဖုန်းနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။