“စစ်ဖိနပ်အောက်နေမလား သေမလား” ကြွေးကြော်သံဖြင့် ဆူဒန်တွင် ဆက်လက်ဆန္ဒပြ

ဆူဒန်မှာ အောက်တိုဘာ ၂၅ ရက် စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ဆက်တိုက် ဖြစ်နေရာမှာ မနေ့က မြို့တော်ခါတွမ်နဲ့ မြောက်ဘက် ဘာရီမြို့ကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ တံတားအနီးမှာ စစ်တပ်က မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှု လုပ်ခဲ့ပါတယ်။
ဆန္ဒပြနေတဲ့ လူငယ်အများစုက “စစ်ဖိနပ်အောက်နေမလား၊ အသက် အသေခံမလား၊ အသေပဲခံမယ်” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆက်ပြီး ဆန္ဒပြနေတာပါ။
အာဏာသိမ်းပြီးကတည်းက ၁၁ ကြိမ်မြောက် လူအများဆုံး ဆန္ဒပြတာဖြစ်ပြီး သမ္မတအိမ်တော်ကို ချီတက်ဖို့ ကြိုးစားနေစဉ် ဖြိုခွဲခံရတာပါ။
စစ်တပ်က အရပ်သားဝန်ကြီးချုပ် အဘ်ဒူလာ ဟမ်းဒေါ့ခ်ကို ဖယ်ရှားပြီးနောက် ရုပ်ပြ ပြန်ခန့်ထားပါတယ်။
ဆန္ဒပြသူတွေက နိုင်ငံရေးနဲ့ လာမယ့်ရွေးကောက်ပွဲမှာ စစ်တပ် လုံးဝ ဝင်မစွက်ဖက်ဖို့ကိုပဲ ပြတ်ပြတ်သားသား တောင်းဆိုနေပါတယ်။
မနေ့ကနိုင်ငံပိုင် ဆူဒန်အမျိုးသား ဆက်သွယ်ရေးကော်ပိုရေးရှင်းကိုလည်း အင်တာနက်တွေ ဖြတ်ထားဖို့ စစ်တပ်က အမိန့်ပေးထားပါတယ်။