မုံရွာပြည်သူများ အပြင်မထွက်ကြရန် မြို့ပြပြောက်ကျားအဖွဲ့ ကြေညာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဒေသခံပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၄ နာရီကစပြီး နေအိမ်အပြင်မထွက်ကြဖို့ မြို့ပြပြောက်ကျား၊ အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့-မုံရွာက ထုတ်ပြန်လိုက်ပါတယ်။
အထူးဒေသတိုက်ခိုက်ရေးတပ်ဖွဲ့၊ တာဝန်ခံတဦးက “ကျနော်တို့ရဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်မြီး ဆောင်ရွက်တော့မှာဖြစ်လို့ ပြည်သူတွေထိခိုက်မှာ စိုးရိမ်တဲ့အတွက် အခုလိုထုတ်ပြန်ရတာပါ” လို့ အတည်ပြု ပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ကောင်စီချေမှုန်းရေး စစ်ဆင်ရေးတွေဆောင်ရွက်ပြီးတာနဲ့ အပြင်ထွက်ရမယ့်ရက်ကို ပြန်လည် ကြေညာပေးယ်လို့ ဆိုပါတယ်။
''ခေတ်ကမကောင်းတော့ အရောင်းအဝယ်လည်းမဖြစ်ပါဘူး။ အခုဆို စားသောက်ဖြစ်ရုံပဲ။ ဘယ်တတ်နိုင်မလဲ မိုးပြိုအများပေါ့'' ဒေသခံဈေးသည်တဦးက ပြောပါတယ်။
စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဒေသခံပြည်သူတွေက ကျရာနေရာကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ပါဝင်ဆောင်ရွက်ပေးကြမယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုံးဘီးဆိုင်ကယ်ပိုင်ရှင်တဦးကလည်း “ဘာမှမဖြစ်ဘူး။ ပြည်သူကို ပြည်သူက ကူညီလိမ့်မယ်။ ကျနော်တို့ပြည်သူတွေက လက်နက်မရှိလို့ အားမတန် မာန်လျော့နေရတာ။ စစ်အာဏာရှင်ကို ကျရာနေရာကနေ ကြုံသလိုတိုက်ထုတ်ဖို့ ခွန်အားအပြည့်ရှိကြတယ်” လို့ ပြောပါတယ်။
မုံရွာမြို့မှာ ဒီဇင်ဘာ ၃၁ ရက်က ခမရ ၁၆၊ အမှတ် ၂ ရဲစခန်း၊ EPC လျှပ်စစ်ရုံး၊ မြို့နယ်စုပေါင်းရုံး၊ တိုင်းပညာရေးရုံး၊ အခွန်ရုံး၊ အထက ၆ လမ်းဆုံနဲ့ အာဇာနည်လမ်းထိပ်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများစွာရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။