တောင်အာဖရိက လွှတ်တော်အဆောက်အအုံ မီးလောင်

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ လွှတ်တော်အဆောက်အုံမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက် ၆ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး နာရီအတော်ကြာအောင် မီးသတ်သမားတွေ ငြှိမ်းသတ်ခဲ့ရ ပါတယ်။
အဆောက်အအုံကြီးရဲ့ အခန်းတခန်းကနေ မီးစလောင်ခဲ့တာဖြစ်ပြိး အဆောက်အအုံ တတိယထပ် တထပ်လုံး မီးလောင်ကျွမ်းပြီး ခေါင်မိုးလည်း ပြိုကျသွားပါတယ်။
ပြည်သူ့လုပ်ငန်းနဲ့ အခြေခံအဆောက်အအုံဝန်ကြီး ပထရစ်ကာ ဒီလီယာက “လူတွေကို ထိခိုက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ ကျမတို့နိုင်ငံ ဒီမိုကရေစီအတွက် ဝမ်းနည်းစရာနေ့ပါ။ လွှတ်တော်အဆောက်အအုံဆိုတာ ဒီမိုကရေစီရဲ့အိမ်၊ ဒီမိုကရေစီအတွက် မဟာဗျူဟာကျတဲ့နေရာမို့ပါ” လို့ ပြောပါတယ်။
သမ္မတက ဆီရယ် ရာမဖိုဆာက “ဆိုးဆိုးရွားရွားကို ပျက်စီးသွားပါတယ်။ သံသယရှိသူတဦးကို ဖမ်းပြီးစစ်ဆေးနေပါတယ်။ မနေ့ကပဲ တတိုင်းပြည်လုံး လေးစားရတဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ရဲ့ ဈာပနကို ချခဲ့ရလို့ အားလုံး ပူဆေးသောကရောက်နေကြတာ။ ဒီနေ့ ပါလီမန်အဆောက်အအုံ မီးလောင်တော့ ဒါဟာ ကြီးမားတဲ့ ထိုးနှက်ခံရတာပါ” လို့ ပြောပါတယ်။
အစည်းအဝေးခန်းတွေ အများအပြားပါရှိတဲ့ ဒတ်ချ်ဗိသုကာလက်ရာ လွှတ်တော်အဆောက်အအုံ ကို ၁၈၈၄ ခုနှစ်မှာ တည်ဆောက်ထားတာပါ။
အခုက ဒုတိယအကြိမ် မီးလောင်မှုဖြစ်ပွားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လက လျှပ်စစ်ဝါယာရှော့ ကြောင့် အနည်းငယ်မီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။