close

နတ်တလင်းမြို့တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့၊ မီးရထားဘူတာအရှေ့ဘက်မှာ ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က အမျိုးသား ၁ ဦး ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ဒီကောင့်နာမည်က စိုးမြတ်တဲ့။ ၃ ချက်အပစ်ခံရတယ်။ အပစ်ခံရတာလည်း မပြောနဲ့လေဗျာ ဒီကောင်က ရဲသတင်းပေးလုပ်တယ်။ မြို့က ကလေးတွေကို ဖမ်းတဲ့အထဲမှာပါ တယ်။ တရားရုံးသက်သေလိုက်ပြီး သက်သေစရိတ်ထုတ်စားတဲ့ကောင်ဗျ” လို့ ပြောပါတယ်။

ကိုစိုးမြတ်ကို နတ်တလင်းမြို့ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ် ခတ်ခဲ့တယ်လို့ နတ်စစ်သည်အဖွဲ့တာဝန်ခံက အတည်ပြုပြောပါတယ်။

နတ်တလင်းဆေးရုံ တာဝန်ကျဆရာမတဦးက “လက်မောင်းရင်းနားကို ကျည်ထိထားတယ်။ အတွင်းလူနာအနေနဲ့ဆေးကုသမှုပေးနေပါတယ်။ အသက်ရှင်ဖို့ အခွင့်အလမ်းကတော့ သူ့ကံပေါ့။ တာဝန်ကျဆရာတွေကတော့ လူနာတိုင်းကို အစွမ်းကုန်ကုသပေးပါတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူ ကိုစိုးမြတ်ရဲ့ မိသားစုဝင်တဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “မဖြေပါရစေနဲ့” လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ နတ်တလင်းမြို့က စစ်ကောင်စီရဲ့ထောက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ ဒီဇင်ဘာ ၁၅ ရက်မှာ နောက်ဆုံးအနေနဲ့ ၃ ကြိမ်တိုင်တိုင်သတိပေးထားပြီးဖြစ်လို့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်လက်ခြေမှုန်း သွားတော့မယ်လို့ အဆိုပါအဖွဲ့ဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up