close

တောင်တွင်းကြီးမြို့ ၌ ၃ ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံရ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ အပြစ်မဲ့ ဒေသခံပြည်သူ အယောက် ၃၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီသတင်းပေး ဒလန်တွေနဲ့ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး အသတ်ခံရတဲ့ကိစ္စနဲ့ ၃ ရက်အတွင်းမှာ အပြစ်မဲ့ ပြည်သူ ၃၀ ယောက်လောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတာလို့ တောင်တွင်းကြီးမြို့ခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တောင်တွင်းကြီးမြို့ပေါ်နဲ့ မြို့ဝင်ဂိတ်တွေမှာ အင်အားသုံးပြီးတော့ အရပ်ဝတ်တွေနဲ့ကော၊ ယူနီဖောင်းတွေနဲ့ပါ ခရီးသွားပြည်သူတွေ ခန္ဓာကိုယ်တွေနဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို လှည့်ပတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးစစ်ဆေးခံရတဲ့ ပြည်သူတွေကို တောင်တွင်းကြီးမြို့မရဲစခန်းနဲ့ မြို့တော်ခန်းမမှာထားပြီး စစ်ဆေးနေကာ အမှန်တကယ် ပြုလုပ်တဲ့သူတွေကို မိအောင်မဖမ်းနိုင်ဘဲနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေကြတာလို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့ခံ လူငယ်တစ်ယောက်ကတော့ “ကျနော်တို့ မျိုးဆက်တွေရဲ့ ဘဝဟာ လုံခြုံမှုလည်း မရှိတော့ဘူး။ ဆိုင်ကယ်လည်း ၂ ယောက်စီးခွင့်မရှိဘူး။ အပြင်ထွက်လည်း စစ်ကောင်စီတပ်တွေက ဖမ်းချင်သလိုဖမ်းနေကြတော့ ကျနော်တို့တွေရဲ့ အနာဂတ်တွေကိုပါ ရိုက်ချိုးခံနေရတယ်” လို့ ပြောပါတယ်။

အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အတိကျသိရှိနိုင်ဖို့ တောင်တွင်းကြီး မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိဘဲ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့က ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး အသတ်ခံရတာနဲ့ ပတ်သက်လို့ မသင်္ကာတဲ့သူတွေကို ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up