close

ပစ်ခတ် ဖမ်းဆီးခံရသည့် မွန်ဝန်ကြီးချုပ် ဇနီးနှင့်သား ပြန်လွတ်လာ

ပစ်ခတ်ဖမ်းဆီးခံရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ဟာ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက DVB ကို ပြောပါတယ်။

သူတို့နှစ်ဦးကို ပစ်ခတ်ဖမ်းဆီးပြီး ၁ ရက်အကြာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျိုက်ထိုမြို့ ဘူတာလမ်းက နေအိမ်ကို လာရောက် ပို့ဆောင်သွားတာပါ။

သူတို့နှစ်ဦးကိုတော့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာက နေအိမ်မှာ ဇန်နဝါရီ ၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်နဲ့ လာရောက် ပစ်ခတ်ဖမ်းဆီးသွားတာပါ။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ သုံးခွကျေးရွာက နေအိမ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ခိုအောင်းနေတဲ့ သတင်းအရ ဝင်ရောက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက်ကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူရဲ့ လက်တစ်ဖက် သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံဟာ အခုအခါမှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေ အပါအဝင် အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up