အိန္ဒိယတွင် ကိုဗစ်-၁၉ အသစ် ကူးစက်ခံရသူ မြင့်တက်လာ

အိန္ဒိယနိုင်ငံမှာ နေ့စဉ် ကိုဗစ်-၁၉ အသစ် ကူးစက်ခံရသူ ဇန်နဝါရီ ၇ ရက်မှာ အယောက် ၁၁၇,၀၀၀ ကျော်သွားခဲ့ပါပြီ ဒါဟာ သီတင်းပတ် တပတ်အတွင်း နေ့စဉ် အသစ်ကူးစက်ခံဦးရေ ငါးဆ တိုးလာတာပါ။
အိန္ဒိယမြို့တွေထဲမှာ ကူးစက်မြန်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်မှုက ဒယ်လ်တာ ဗီဇမျိုးကွဲ ကူးစက်မှုကို အစားထိုး ဝင်ရောက်ခဲ့ပြီ ဖြစ်လို့ အရင် ကူးစက်လှိုင်း အထွတ်အထိပ် ရောက်ချိန်က ကူးစက်ခံ ဦးရေကို ကျော်သွားမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ရိုက်တာ သတင်းမှာရေးပါတယ်။
လော့ခ်နာယက်ခ် ဂျိုင်ပရာကက်ရှ် ဆေးရုံရဲ့ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဆူရက်ရှ် ကူးမားက “ဒါဟာ စိန်ခေါ်မှုကြီး စိုးရိမ်မှုကြီးပါပဲ။ ကျန်ခဲ့တဲ့ ၈ ရက်ကို မြင်တဲ့အခါ ကိန်းဂဏန်းတွေက တအားကို မြင့်လာခဲ့ပြီးပြီ၊ ၈ ရက်အတွင်း ကူးစက်ခံ ဦးရေ တရက် တသောင်းကျော်ကနေ တရက် တသိန်းကျော် ဖြစ်လာတယ်၊ ဒီနှုန်းနဲ့ဆိုရင် အရင် ကူးစက်လှိုင်းတွေထက် အများကြီး ပိုမြင့်တော့မယ်”လို့ ပြောပါတယ်။
မေလရောက်ရင် နေ့စဉ် အသစ်ကူးစက်ခံဦးရေ အယောက် ၄၁၄,၀၀၀ ကျော်မယ်ဆိုတဲ့ စံချိန်တင် ကူးစက်မှုကို ကျော်သွားနိုင်တယ်လို့ အစိုးရ အရာရှိတွေက ခန့်မှန်းပြောပါတယ်။
အမေရိကန်မှာ လတ်တလော နေ့စဉ် ကူးစက်ခံ လူဦးရေ အယောက် တသန်းကျော်နေတယ်လို့လည်း ပြောပါတယ်။ ရုံးတက်ရက်တွေမှာ ညမထွက်ရအမိန့်၊ ကျောင်းတွေကို ပိတ်တာနဲ့ စျေးဆိုင်အများစုကို တရက်ခြားဖွင့်တာ အပါအဝင် ကန့်သတ်ချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။