close

ရေးမြို့နယ်တွင် နယ်မြေခံတပ်ရင်း ၃ ခုနှင့်ရဲစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဇန်နဝါရီ ၆ ရက်နဲ့ ၈ ရက်တွေက ရေးမြို့မရဲစခန်းအပါအဝင် နယ်မြေခံ ခြေလျင်တပ်ရင်း ၁ ခုနဲ့ ခြေမြန်တပ်ရင်း ၂ ခုတို့ကို ရေး PDF တွေက တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့မရဲစခန်း နဲ့ အမှတ် ၆၁ ခြေလျင်တပ်ရင်းဂိတ်ရှေ့ကို ဇန်နဝါရီ ၈ ရက်နေ့ တိုက်ခိုက်ခဲ့တယ်လို့ ရေး PDF အဖွဲ့က ပြောပါတယ်။

ရေးမြို့မရဲစခန်းကို မနက် ၇ နာရီလောက် လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့ရာ ဗုံးသီးကမပေါက်ကွဲခဲ့တာကြောင့် ဇန်နဝါရီ ၈ ရက်နေ့ မွန်းတည့် ၁၂ ခွဲလောက် အမှတ် ၆၁ ခြေလျင်တပ်ရင်းဂိတ်ရှေ့ကို ရှော့တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားတွေ ထိခိုက်ကျဆုံးအရေအတွက်ကို အတိအကျမသိရသေးဘဲ ရေး PDF ကတော့ လုံခြုံတဲ့နေရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ  ၆ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအနီးရှိ နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၅၈၇ နဲ့ ခမရ ၃၄၃ တပ်ရင်း နှစ်ခုကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး (MSRU) နဲ့  ရေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခမရ-၃၄၃ ရဲ့ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်ပစ်ဗုံးတို့နဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို ခမရ - ၅၈၇ အတွင်းရှိ ကင်းပုန်းစစ်သားတွေကိုလည်း လက်နက်ငယ်နဲ့ အတွဲလိုက် ပစ်ခတ်ခဲ့တာလို့ MSRU က သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုကြောင့် ခမရ- ၃၄၃ က စစ်ကား နှစ်စီး ပျက်စီးခဲ့ပြီး ခမရ-၅၈၇ က ကင်းပုန်းဝပ် တပ်သား နှစ်ဦး သေဆုံးခဲ့ကာ ၆ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ကတော့ အန္တရာယ် ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ တပ်စခန်းတွေဟာ ရန်ကုန်- ရေး- ထားဝယ်- မြိတ် ကားလမ်းဘေးမှာ တည်ရှိနေကြတာပါ။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရဲစခန်းနဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး  စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ပြောဆိုထားတာမျိုး မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up