ဝုဗ်နဲ့ပွဲတွင် တစ်ဦးချင်းနှင့်အသင်းလိုက်ပါ အားနည်းခဲ့ကြောင်း မန်ယူနည်းပြ ရင်းနစ်ခ်ဝန်ခံ

မန်ယူနိုက်တက်အသင်းဟာ ဝုဗ်နဲ့ပွဲစဉ်မှာ တဦးချင်းရော အသင်းလိုက်ပါ ကစားပုံမကောင်းခဲ့ကြောင်း နည်းပြ ရင်းနစ်ခ်က ဝန်ခံပါတယ်။
ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်အတွက် အမှတ်လိုအပ်နေချိန်မှာ ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး နည်းပြ ရင်းနစ်ခ်အတွက် ဖိအားရှိသွားခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ မန်ယူအသင်းက တစ်ဦးချင်းရော အသင်းလိုက်မှာပါ အားနည်းခဲ့ပြီး ပေးလိုက်ရတဲ့ဂိုးဟာလည်း လူကပ်ခြင်းမရှိခဲ့တာကြောင့်လို့ ရင်းနစ်ခ်ကပြောပါတယ်။
“ပေးလိုက်ရတဲ့ဂိုးမျိုးက ဒီရာသီမှာ အများဆုံးပေးရတဲ့ ဂိုးတွေထဲက တစ်ခုပါပဲ။ မော်တင်ညို ကန်သွင်းသွားချိန်မှာ ဘယ်သူကမှ လူကပ်ထားခြင်းမရှိဘူး။ ရလဒ်နဲ့ပတ်သက်ပြီး စိတ်ပျက်မိပါတယ်။ တစ်ဦးချင်းရော အသင်းလိုက်ပါ ကစားပုံမကောင်းခဲ့ဘူး” လို့ ရင်းနစ်ခ်က ပွဲအပြီးမှာ ပြောသွားပါတယ်။
ဝုဗ်နည်းပြ ဘရူနိုကတော့ စီစဉ်ထားတဲ့အတိုင်း ကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်က ထိုက်တန်မှုရှိကြောင်း၊ သမိုင်းအစဉ်အလာရှိတဲ့ မန်ယူကွင်းမှာ အကောင်းဆုံးကစားပုံနဲ့ အနိုင်ရခဲ့လို့ ကျေနပ်ကြောင်း ပြောသွားပါတယ်။