close

စစ်ကိုင်းတိုင်းတွင် ပြည်သူအချို့ကို စစ်တပ်က ဖမ်းဆီး၊ ရွာသားတစ်ဦးအား မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်းအတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အသက် ၆၀ အရွယ် ရွာသားတစ်ဦးကိုလည်း ရိုက်နှက်မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ် ဟားခါးလေးကျေးရွာမှာ အသက် ၆၀ အရွယ် ဦးသင်ထန်ကို စစ်ကောင်စီတပ်က တုတ်နဲ့ရိုက်နှက်ပြီး  မီးရှို့သတ်ဖြတ်ခဲ့တဲ့ အရိုးစုတွေကို ဇန်နဝါရီ ၁၀ ရက်နေ့က အမှိုက်ကျင်းထဲမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့  ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ဟားခါးလေးကျေးရွာအတွင်းကို ဝင်ရောက်ပြီး ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ တွေ့သမျှလူကို ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“အလောင်းကို ဒီနေ့မှ ရွာထဲကို ဝင်ကြည့်ကြတဲ့အခါမှာ တွေ့ရတယ်။ အလောင်းပုံ သူ့အိမ်နဲ့ သိပ်မဝေးတဲ့ အမှိုက်ကျင်းထဲမှာ တွေ့တယ်၊ သူ့အဝတ်အစားတွေလည်း တွေ့တယ်၊ သွေးပေနေတဲ့ တုတ်တစ်ချောင်းလည်း အဲဒီအလောင်းနားမှာ တွေ့တယ်။ ဆိုတော့ တုတ်နဲ့ ရိုက်သတ်ခံထားရပုံ ပေါ်တယ်၊ ပြီးမှ မီးရှို့ထားခဲ့ပုံပေါ်တယ်” လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကျေးရွာထဲဝင်လာစဉ်က  ဦးသင်ထန်ဟာ စပါးတိုက်အောက်မှာ ဝင်ရောက်ပုန်းနေခဲ့တာကို စစ်ကောင်စီတပ်က တွေ့ရှိပြီး သတ်ဖြတ်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျေးရွာထဲ တွေ့သမျှလူကို ပစ်ခတ်နေတာာကြောင့် အသက် ၈၀ အရွယ် ဦးသင်ထန်ရဲ့ မိခင်ဟာလည်း ပေါင်မှာ ကျည်ထိမှန်ပြီး သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့က အသက်မပြည့်တဲ့ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မနေ့ညနေ ၆ နာရီခွဲလောက်မှာ ထုံးဘိုရပ်ကွက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ကိုဖိုးပြုံးနဲ့ ကိုခိုင်စိုးဆိုသူတို့ကို မတွေ့တာကြောင့် သားဖြစ်သူနှစ်ဦးအား ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုညနေ ၄ နာရီလောက်က ထုံးဘိုရပ်ကွက်ထဲမှာ ခြင်းခတ်နေစဉ် စစ်ကောင်စီအဖွဲ့က အိမ်စီးကား ၁ စီးနဲ့ အရပ်ဝတ် အင်အား ၅ ဦးနဲ့ ကိုဖိုးပြုံးကို ဖမ်းဆီးဖို့ လာတယ်။ သူ့မမိတဲ့အတွက် သူ့ရဲ့သား ကိုးတန်းကျောင်းသားကလေးငယ်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထုံးဘိုရပ်ကွက်တခုတည်းက ကိုသိန်းဇော်ထွေး၊ ကိုဖိုးပြုံးသား ကိုးတန်းကျောင်းသားနဲ့ ကိုခိုင်စိုးရဲ့ သားတို့ ဖမ်းဆီးခံရတာဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ္။

အရာတော်မြို့နယ်၊ မကျီးကန်ကျေးရွာက ရွှေဥမှင်ဘုန်းကြီးကျောင်းမှာ ဇန်နဝါရီ ၉ ရက်နေ့ညပိုင်းက တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၇၀ လောက်ဟာ ရွာခံ ပြည်သူတွေအား ဖမ်းဆီးနှိပ်စက်ကာ မီးရှို့သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဖမ်းခံရသူ သုံးဦးနဲ့  သူတို့လိုချင်တဲ့သူနဲ့ လဲရမယ်။ အဲဒီလူနဲ့ မလဲဘူးဆိုရင် ‌အဖမ်းခံရသူ တစ်ယောက်ကို ရေနံဆီတွေလောင်းပြပြီး မီးရှို့မယ်လို့ ပြောတယ်။ ရွာသားတွေက မလုပ်ပါနဲ့လို့ တောင်းပန်ထားရတယ်” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်‌တွေဟာ စစ်ကိုင်းတိုင်းအတွင်း အပြစ်မဲ့ကျေးရွာသားတွေကို ဖမ်းဆီး ခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ လုပ်ဆောင်သလို ဓားစာခံဖြစ် ဖမ်းဆီးပြီး သူတို့ လိုချင်သူတွေနဲ့ လဲယူခိုင်းတာတွေလည်း လုပ်ခိုင်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို  သူတို့ စိတ်မထင်ရင် ဦးခေါင်းကို‌  သေနတ်နဲ့တေ့ပြီး ပစ်သတ်ခဲ့တာတွေလည်း ရှိတာကြောင့် စစ်ကိုင်းတိုင်းအတွင်းက အပြစ်မဲ့ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပါက ဘေးလွတ်ရာကို ထွက်ပြေး ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းကလည်း မကျီးကန်ကျေးရွာ မြောက်ပိုင်းက ရွာသားတွေကို ဖမ်းဆီးကာ လမ်းတလျှောက် သွေးသစ္စာ သီချင်းသီဆိုခိုင်းပြီး ရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up