close

ကရင်နီ PDF နှင့် စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် လှူဒါန်းနိုင်

စစ်အာဏာရှင်ကို ခုခံစစ်ဆင်နွှဲနေကြတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေး လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အရေးပေါ်လှူဒါန်းနိုင်ဖို့  ဖိတ်ခေါ်ထားပါတယ်။

ဒီလှူဒါန်းမှုကိုတော့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်ပြီး “Karenni Emergency Fundraising Project” အနေနဲ့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်အထိ ၃ ရက်ကြာ ထောက်ပံ့ငွေတွေ အလှူခံသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖက်ဆစ်တပ်ဖွဲ့တွေကို တော်လှန်ချေမှုန်းနေသလို တဘက်မှာလည်း စစ်ဘေးရှောင်ပြည်သူ မိသားစုတွေ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချထားရပါမှ စိတ်ဖြောင့်လက်ဖြောင့် တိုက်ပွဲဝင်နိုင်မှာမို့ ပြည်သူတိုင်း နည်းများမဆို မိမိအတတ်နိုင်ဆုံး ပါဝင်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။

ပါဝင်လှူဒါန်းချင်သူတွေအနေနဲ့ သက်ဆိုင်ရာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် page chatbox မှာ ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြု ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ ပေါ်အထိ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီကနေ့လည်း စစ်ကောင်စီတပ်တွေက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

လူဦးရေ သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေရဲ့ တဝက်လောက် စစ်ဘေးရှောင်နေကြရသလို လက်ရှိလွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေက သောင်းနဲ့ချီတဲ ပြည်သူတွေ ရှမ်းပြည်နယ်ထဲအထိ သွားရောက် စစ်ရှောင်နေကြရပါတယ်။

ဒါကြောင့်မို့ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စားနပ်ရိက္ခာ၊ အရေးပေါ်အသုံးအ ဆောင်ပစ္စည်း၊ ငွေသားအပါအဝင် ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထားသလို အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကလည်း တော်လှန်ရေးအတွက် နိုင်တဲ့နေရာကနေ ပါဝင်ကူညီနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up