အီရန်ကို အရေးယူနိုင်ရန် အစ္စရေးကြိုးပမ်းမည်

အစ္စရေးဟာ အီရန်နဲ့ဘယ်လို နျူကလီးယားဆိုင်ရာစာချုပ်နဲ့မှ အချည်နှောင်ခံမှာ မဟုတ်ဘဲ လိုအပ်လာရင် မဟာရန်သူ အီရန်အပေါ် အတားအဆီးမရှိ လွတ်လွတ်လပ်လပ်အရေးယူဖို့ ဆက်ပြီး စဉ်းစားသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။
၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကို ပြန်အဖတ်ဆယ်ဖို့ အီရန်နဲ့ အမေရိကန်ကြား တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲတွေ အရင်အပတ်က ဗီယန်နာမြို့မှာ ပြန်စခဲ့တာပါ။ အချိန်ကုန်ပေမယ့် တိုးတက်မှု ရှိတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
“ဗီယန်နာက နျူကလီးယား ဆွေးနွေးပွဲနဲ့ ပတ်သက်ရင် ကျနော်တို့ တကယ့်ကို စိုးရိမ်တယ်။ အစ္စရေးဟာ သဘောတူညီချက်ထဲမှာပါတဲ့ အဖွဲ့ဝင် မဟုတ်ဘူး” လို့ လွှတ်တော် ကော်မတီအတွက် အစည်းအဝေးအတွင်း လူသိရှင်ကြား မှတ်ချက်ပြု ပြောဆိုပါတယ်။
အစ္စရေးက သူတို့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ထဲမှာ ရေးထားတာတွေနဲ့ အစ္စရေးကို ချည်နှောင်လို့ မရဘူး။ အစ္စရေးက ဘယ်အချိန် ဘယ်နေရာမှာမဆို အဟန့်အတားမရှိ အပြည့်အဝ လွတ်လပ်စွာ ဆောင်ရွက်ဖို့ ဆက်ပြီး ထိန်းသိမ်းသွားမယ်လို့ ဘန်းနက်က ပြောပါတယ်။
တကယ်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက သဘောတူညီချက်ရခဲ့ရင် အီရန်အပေါ် ယုံကြည်လောက်တဲ့ စစ်ရေး ရွေးချယ်ခွင့်ကို ဆက်ပြီး ထိန်းသိမ်းထားဖို့ အစ္စရေးက ဆော်ဩ ထားပါတယ်။
နျူကလီးယား လက်နက်တွေအတွက် အီရန်က ကြိုးစားနေတယ်လို့ ပြောထားတဲ့အတိုင်း အီရန်ရဲ့ ကြိုးစားမှုကို ဟန့်တားဖို့ စစ်ရေးစွမ်းရည် အစ္စရေးမှာ ရှိသလားဆိုတာကို ပညာရှင်တွေက မေးခွန်းထုတ်နေပါတယ်။
အီရန်ကတော့ သူက နျူကလီးယားလက်နက်တွေရဖို့ ကြိုးစားနေတာ မဟုတ်ဘူးလို့ ငြင်းဆို ထားပါတယ်။