close

ဖမ်းဆီးခံ အန်အယ်လ်ဒီလွှတ်တော်အမတ်၏အမှု မော်လမြိုင်မြို့နယ်တရားရုံး၌ စစ်ဆေးရန် အမိန့်ချ

စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုထားတဲ့ လွှတ်တော်အမတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌ  ဒေါ်နွယ်နွယ်အောင်ရဲ့ အမှုအတွက် မြို့နယ်တရားရုံးမှာ စစ်ဆေးဖို့ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုအတွက် သူရဲ့ ရှေ့နေ့အဖွဲ့က ခရိုင်တရားရုံးကနေ မြို့နယ်တရားရုံးသို့ ပြောင်းလဲ စစ်ဆေးပေးဖို့ တင်ပြခဲ့လို့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ တရားသူကြီးက မြို့နယ်တရားရုံးမှာ စစ်ဆေးဖို့ အွန်လိုင်းကနေ အမိန့်ချမှတ်ခဲ့တာပါ။ ဒါကြောင့် ဒီအမှုကို လာမယ့် ရုံးချိန်းကစပြီး မော်လမြိုင်မြို့နယ်တရားရုံးမှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌနဲ့ ရွေးကောက်ခံအမတ် ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၇ ရက် ညပိုင်းမှာ မော်လမြိုင်ဈေးကြိုရပ်ရှိ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဒီနောက်သူ့ကို အကြမ်းဖက်အဖွဲ့အစည်းမှာ ပူးပေါင်းဆောင်ရွက် ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့    အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နွယ်နွယ်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  မော်လမြိုင်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဖြစ်သလို ၂၀၁၅ ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up