close

ဆာဘီးယားတွင် သတ္တုတူးဖော်စီမံကိန်းကို သဘာဝပတ်ဝန်းကျင်သမားများ ကန့်ကွက်ဆန္ဒပြ

ဆာဘီးယားနိုင်ငံမှာ ရာနဲ့ချီတဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတွေက အဓိက အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တုတူးဖော်ရေးကုမ္ပဏီ Rio Tinto ရဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ လီသီယံသတ္တု တူးဖော်မယ့်စီမံကိန်းကို ဇန်နဝါရီ ၁၅ ရက်က ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ဆန္ဒပြသူတွေက ဘောစနီးယားနယ်စပ်ကိုဖြတ်တဲ့ အဝေးပြေးလမ်းအပါအဝင် ဘဲလ်ဂရိတ်မြို့ လမ်းတွေကို နာရီအတော်ကြာအောင် ပိတ်ဆို့ပြီး အစိုးရဆန့်ကျင်ရေး၊ သတ္တုတူးဖော်မှုဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။ 

ဆာဘီးယားသမ္မတ အလက်ဇန်ဒါးဗူးဂျစ်ရဲ့ မျက်နှာပါတဲ့ ဆိုင်းဘုတ်တွေမှာ ‘သစ္စာဖောက်’  လို့ ရေးထားပြီး သတ္တုတူးဖော်ရေးစီမံကိန်းတွေ ချက်ချင်းရပ်ပါလို့ တောင်းဆိုခဲ့ပါတယ်။

အစိုးရက စီးပွားရေးတိုးတက်ဖို့အတွက် တရုတ်ကုမ္ပဏီ Zijin နဲ့ ဩစတြေးလျကုမ္ပဏီ Rio Tinto တို့ကို တွင်းထွက်တွေ တူးဖော်ခွင့် ပေးထားတာပါ။ 

အစိမ်းရောင်လှုပ်ရှားသူတွေကတော့ လေထုညစ်ညမ်းစေတယ်လို့ အပြင်းအထန်ကန့်ကွက်ပြီး ‘ရင်းနှီးမြှပ်နှံမှုတွေ ရပ်ပါ၊ သဘာဝကို ကယ်တင်ပါ’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ခဲ့ပါတယ်။

ဆားဘီးယားညွန့်ပေါင်းအစိုးရအနေနဲ့ ဧပြီ ၃ ရက်မှာ ရွေးကောက်ပွဲရှိနေပြီး အခုဆန္ဒပြမှုက မဲကိစ္စအတွက် ခေါင်းခဲစရာပါ။ သတ္တုစီမံကိန်းကို ဆက်လုပ်ခွင့်ပြုမလား၊  ရွေးကောက်ပွဲပြီးမှ ဆက်လုပ်ခိုင်းမလား ဝေခွဲမရ ဖြစ်လာပါတယ်။

နောက်ပြီး သမ္မတက ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မြေယာအချို့ကို လျော်ကြေးမပေးဘဲ သိမ်းဆည်းရေး ဥပဒေတခုကို လွှတ်တော်မှာ တင်ထားပြီး သဘာဝပတ်ဝန်းကျင်အုပ်စုက ကန့်ကွတ်ထားပါတယ်။ ဆာဘီးယားဟာ ဥရောပနိုင်ငံတွေထဲမှာ လေထုအညစ်ညမ်းဆုံး နိုင်ငံပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up