close

ဆာဗီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်အမှု တရားရုံးက ယနေ့ ဆုံးဖြတ်ချက်ချမည်

ဆာဗီးယား တင်းနစ်အကျော်အမော် နိုဗက်ဂျိုကိုဗစ်ကို သြစတြေးလျ မြေပေါ်ကနေ နှင်ထုတ်မလား၊ ဒါမှမဟုတ် သြစတြေးလျ အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ပြုမလား ဆိုတာကို တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက်ချဖို့ ရှိပါတယ်။ 

သြစတြေးလျနိုင်ငံမှာ လိုက်နာရမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး စည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဂျိုကိုဗစ်ရဲ့ ပြည်ဝင်ခွင့်ဗီဇာကို သြစတြေးလျ အစိုးရက နှစ်ကြိမ် ရုပ်သိမ်းထားပြီး တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ရှိနေတာပါ။ 

သြစတြေးလျ စံတော်ချိန် တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲ၊ မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ တရားရုံးရဲ့ နောက်ဆုံး ကြားနာမှုတွေကို စတင်မှာဖြစ်ပြီး နာရီပေါင်းများစွာ ကြာမြင့်ဖွယ်ရှိပါတယ်။ 

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟာ မယ်လ်ဘုန်းမြို့ Park Hotel  ပါခ်ဟိုတယ်မှာ မနေ့ညက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ပြန်လည်ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီဟိုတယ်မှာပဲ အရင်တပတ်က ၄ ရက် နေခဲ့ရပါသေးတယ်။ 

ဂျိုကိုဗစ်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမထားဘဲ အရင်အပတ်က သြစတြေးလျနိုင်ငံထဲကို ကာကွယ်ဆေးကင်းလွတ်ခွင့်နဲ့ ရောက်လာခဲ့ပြီး လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီနောက် သူ့ကို Park Hotel ပါခ်ဟိုတယ်မှာ လ.ဝ.က ဥပဒေအရ ထိန်းသိမ်းထားခဲ့ပြီး တနင်္လာနေ့မှာ တရားရုံးတစ်ခုက သူ့ဗီဇာကို ရုပ်သိမ်းတာဟာ အချက်အလက်မခိုင်လုံဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သောကြာနေ့မှာ လဝက ဝန်ကြီးက သူ့ဗီဇာကို နောက်တကြိမ် ပြန်ရုပ်သိမ်းခဲ့တာကြောင့် အခုနောက်ဆုံး အယူခံဝင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up