ဟွန်ဒူးရပ်စ်နိုင်ငံသားထောင်ချီ အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ရန် ချီတက်

ဗဟိုအမေရိကတိုက်ရှိ ဟွန်ဒူးရပ်စ်နိုင်ငံက ဟွန်ဒူးရန်းစ်နဲ့ နီကာရာဂန် လူမျိုးအုပ်စုနှစ်ခုက ထောင်နဲ့ချီတဲ့လူတွေဟာ မြောက်ဘက် ဆန်ပက်ဒရိုဆူလာမြို့မှာ ဇန်နဝါရီ ၁၅ ရက် စုဝေးခဲ့ကြပြီး အမေရိကန် ပြည်ထောင်စုထဲ ဝင်ရောက်ဖို့ စတင်ချီတက်လာခဲ့ပါတယ်။
ဟွန်ဒူးရပ်စ်မှာ ဇန်နဝါရီ ၂၇ ရက်မှာ လက်ဝဲယိမ်းသမ္မတလောင်း ဇီယိုမာရာ ကက်စထရို ရာထူးယူဖို့ ရှိပြီး အဲဒီနေ့မတိုင်ခင် တိုင်းပြည်ကနေ အမြန်ဆုံး ထွက်ခွာလာကြတာပါ။ သူတို့တွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ ကျောပိုးအိတ်ကိုယ်စီနဲ့ လူငယ်တွေလည်း ရာနဲ့ချီ ပါဝင်ပါတယ်။
အဲဒီလူအုပ်ဟာ ဆန်ပက်ဒရို ဆူလာမြို့ကနေ ဂွါတီမာလာနိုင်ငံထဲကို အရင်ဆုံး ဖြတ်သန်းကာ အဲဒီကမှ မက္ကစီကိုနိုင်ငံကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုထဲ ဝင်ရောက်ဖို့ ကြိုးစားမှာပါ။
၂ နှစ်သမီးလေးကိုထမ်းပြီး ထွက်ခွာလာတဲ့ ဟွန်ဒူးရန်းလူမျိုး ဒုက္ခသည် ပတ်ဘလို မန်ဒက်ဇ် က “နောက် အစိုးရတက်လာလည်း ဘာမှ ပြောင်းမှာမဟုတ်ဘူး၊ အလုပ်အကိုင် ဘာမှမရှိဘူး၊ အဲဒါကြောင့် ဆုံးဖြတ်ပြီး ထွက်လာတာ” လို့ ရိုက်တာသတင်းကို ပြောပါတယ်။
မိခင်တဦးကလည်း သူ့အနေနဲ့ နောက်ပြန်မလှည့်ဘူး၊ လူအုပ်နဲ့သွားရင်တော့ ကြောက်စရာ မလိုဘူးလို့ ပြောပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံဟာ ၂၀၂၀ မှာ ဟာရီကိန်းမုန်တိုင်း နှစ်ကြိမ်ဆင့် အတိုက်ခံရတာနဲ့ ကိုဗစ်-၁၉ ကပ်ဘေးဆိုး ကြုံနေရတာတွေကြောင်း တိုင်းပြည်စီးပွားရေး အကျယ်အတည်းဆိုက်ပြီး လူဦးရေ ၆၀ ရာခိုင်နှုန်း ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဒုက္ခသည်လူအုပ်တွေဟာ မက္ကဆီကိုနဲ့ အမေရိကကို ရွှေ့ပြောင်း ထွက်ခွာခဲ့ပြီး ယခုနှစ်မှာတော့ ဒီလူအုပ်စုက ပထမဆုံးဖြစ်ပါတယ်။