close

တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ဖရူဆိုမြို့နယ်၌ စစ်ရှောင်ကလေး ၂ ဦးအပါအဝင် ၃ ဦး သေဆုံး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်း ရီခီးဘူးစစ်ရှောင်စခန်း ၂ ခုကို စစ်ကောင်စီတပ်က  တိုက်လေယာဉ် ၂ စင်းနဲ့  ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်မနက်အစောပိုင်း  ၁ နာရီလောက်က ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက်  ကလေး ၂ ယောက်အပါအဝင် ၃  ယောက် သေဆုံးခဲ့ပါတယ်။

ရီးခီးဘူးစစ်ရှောင်စခန်း ၂ ခုကို  တိုက်လေယာဉ်နဲ့  ဗုံး ၄ လုံးလာကြဲသွားခဲ့တာလို့ ဖရူဆိုအနောက်ခြမ်း စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။

“ဒီမနက် ၁ နာရီအချိန် ရီးခီးဘူး စစ်ရှောင်စခန်း ၂ ခုကို ဗုံး ၄ လုံး၊ Camp တခုကို ဗုံး ၂ လုံးနဲ့ လာကြဲသွားတာ။ Camp တခုက စစ်ရှောင်တွေ မနေသေးဘူး။ နောက်တခုက နေတဲ့နေရာကို လာကြဲသွားတော့ ၃ ယောက် သေသွားတယ်။ ဒဏ်ရာရတဲ့လူကတော့ လောလောဆယ် အတည်မပြုနိုင်သေးဘူး။ သူတို့လန့်ပြီးပြေးကုန်တော့ အခုမှ ပြန်လိုက်ကြည့်ပြီ စာရင်းပြန်ယူရမှာ”

တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ အသက် ၅ နှစ်နဲ့ ၁၅ နှစ်ခန့်အရွယ်မိန်းကလေး ၂ ယောက်နဲ့ အသက် ၅၀ အရွယ်အမျိုးသားတယောက် သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါရီးခီးဘူး ကျေးရွာစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက မိုဆိုကျေးရွာ မီးရှို့သတ်ဖြတ်ခံမှုတုန်းက ထွက်ပြေးလာကြတဲ့ စစ်ရှောင်တွေဖြစ်ပြီး လူ အယောက် ၅၀ လောက် လာရောက်နေထိုင်တာလို့လည်း  ပြောပါတယ်။

“အဲဒီမှာက မိုဆိုကျေးရွာ၊ အရင်တခေါက်မီးရှို့ခံရတဲ့ အဲဒီရွာက ရွာခံတွေ၊ အဓိက အဲဒီမှာနေတာက ကလေးရယ်အမျိုးသမီးတွေပေါ့။ အမျိုးသားလည်း သက်ကြီးရွယ်အိုလာနေကြတယ်။ ခန့်မှန်ခြေကတော့ အဲဒီ Camp မှာ လူဦးရေ ၅၀ လောက်ရှိမယ်။ ”

ဗုံးကြဲခံရတဲ့နေရာဟာ ဖရူဆိုအနောက်ဘက်ခြမ်းဟာ စစ်ရှောင်အများစု သွားရောက်ခိုလှုံနေတဲ့ ဒေသဖြစ်ပြီး ဒီလိုစစ်ရှောင်တွေ နေထိုင်တဲ့နေရာကို ပစ်မှတ်ထားပြီး အခုလို တိုက်လေယာဉ်နဲ့ တမင်သက်သက်လာရောက် ဗုံးကြဲတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့  စစ်ဘေးရှောင် ကူညီပေးသူက ပြောပါတယ်။

မနေ့ညနေ ၅ နာရီကျော်မှာလည်း ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ နန်းမယ်ခံမှာ ပရဟိတလုပ်ဆောင်နေတဲ့ လူငယ် ၃ ယောက် ထိမှန်သေဆုံးသွားတယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာအနီးရှိ ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသာကာကွယ်ရေးတပ်က (KNDF) က မနေ့က ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့  KNDF ကသတင်းထုတ်ပြန်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up