close

မဟာချိုင်တွင် ညဘက် အလုပ်သွားလျှောက်သည့် မြန်မာလုပ်သား ၁၀၀ ခန့် ဖမ်းဆီးခံရ

Photo : လက်တွဲကူညီ AAC

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ Thai Union Group PCL  စက်ရုံမှာ အလုပ်သမားတွေ အမြောက်အမြားလိုအပ်နေပြီး အထောက်အထားတွေလည်း လုပ်ပေး မယ်ဆိုတဲ့သတင်းကြောင့် ဇန်နဝါရီ ၁၈ ရက်ညက ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သွားရောက်တန်းစီခဲ့ကြပါတယ်။

ဒါပေမဲ့ အလုပ်လည်းမရ စက်ရုံထဲလည်းဝင်ခွင့်မရဘဲ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုသာ ခံခဲ့ကြရတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီစက်ရုံမှာ အလုပ်သမားအများကြီးလိုတယ်၊ လက်မှတ်အထောက်အထား မရှိလည်း ယူမယ်၊ သူတို့က အထောက်အထားလုပ်ပေးမယ်၊ အဲလိုတွေ သတင်းထွက်နေတော့ သွားတန်းစီကြတာပေါ့။ တရားဝင်ကြေညာတာတော့ မဟုတ်ဘူး၊ တဆင့်စကားတဆင့်နားနဲ့ သွားကြတာ၊ ထူးဆန်းတာက ညအချိန်ကြီးမှာ လာလျှောက်ခိုင်းတာ။ အဲဒီမှာရာနဲ့ချီတဲ့ အလုပ်သမားတွေ တန်းစီနေတုန်း စက်ရုံက လော်စပီကာနဲ့ အော်ပြောတယ်၊ ရဲတွေလာပြီတဲ့။ အဲဒါနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်၊ အလုပ်ရ မရတော့ မသိဘူး။ ကျနော်တို့သိရသလောက် ၉၈ ယောက် (တစ်ရာနီးပါး ) အဖမ်းခံရတယ်။”

ဖမ်းဆီးခံထားရသူတွေ ဒီကနေ့ အတော်များများပြန်လွတ်လာပြီဖြစ်ကြောင်း၊ ဒါပေမဲ့ ပိုက်ဆံ ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ဒဏ်ငွေပေးဆောင်ခဲ့ရတယ်လို့ ကိုခိုင်ကြီးက ဆက်ပြောပါတယ်။ 

“ကျနော်တို့နဲ့သိတဲ့ ကလေးတွေ ပြန်ပြောပြတာကတော့ သူတို့တွေ ပိုက်ဆံပေးပြီး ပြန်လွတ်လာကြတယ်တဲ့။ ပိုက်ဆံပေးရတာချင်းလည်း မတူဘူး၊ တချို့က လက်မှတ်ရှိပေမယ့် နယ်ကျော်လို့၊ အလုပ်ရှင် မတူလို့၊ စာအုပ်သက်တမ်းကုန်လို့၊ တချို့ကလည်း ဘာအထောက်အထား မှမရှိလို့ အဲဒီလို အမျိုးမျိုးပေါ့၊ အနည်းဆုံး ၅ ထောင်ကနေ ၁ သောင်းထိ ပေးခဲ့ရတယ်။ သူတို့မှာ ပိုက်ဆံလိုချင်လို့ အလုပ်သွားလျှောက်ပါတယ်ဆို၊ ထပ်တောင်ကုန်ခဲ့ရသေးတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံနဲ့ ပုလိပ်ပေါင်းပြီး လုပ်စားကြသလားဆိုတာကို သံသယဖြစ်မိကြောင်း၊ အမှန်က အလုပ်လျှောက်လွှာကို နေ့ခင်းမှာသာ လက်ခံသင့်ပြီး တရားမဝင် အလုပ်သမားခန့်မယ်ဆိုရင် လူသိရှင်ကြားမဟုတ်ဘဲ နားလည်မှုနဲ့သာ လက်ခံကြကြောင်း၊ အဓိကမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကိုယ်တိုင်က အယုံမလွယ်ဖို့၊ ဖြစ်နိုင်ခြေရှိ၊ မရှိကို သေချာစုံစမ်းသင့်တယ်လို့ ဦးခိုင်ကြီးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up