close

တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာများတင်လာသည့် ကား ၁၀ စီးနှင့် မြန်မာ ၉၂ ဦး ဖမ်းဆီးခံရ

ထိုင်းမြောက်ပိုင်း တာ့ခ်ခရိုင် နဲ့ ချင်းမိုင်ခရိုင် ၂ ခုကြားထဲမှာ တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတဲ့ ဟိုင်းလပ်စ်ကား ၁၀ စီး၊ ထိုင်းယာဉ်မောင်းသမား ၈ ဦးနဲ့ မြန်မာနိုင်ငံသား ၉၂ ဦးတို့ကို ဖမ်းဆီးရမိကြောင်း matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

စစ်တပ်၊ နယ်မြေခံရဲ နဲ့ နယ်ခြားလုံခြုံရေးတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၇ ရက် စောစောပိုင်းက တာ့ခ်ခရိုင် ထာ့ဆောင်ယန်းနဲ့ ချင်းမိုင်ခရိုင် အုမ်းကွယ် ၂ မြို့နယ်အစပ်မှာ စောင့်ကြပ်စစ်ဆေးစဉ် မယ့်ခမုနွဲ့ကျေးရွာနဲ့ ကျေဒီခို့ဖဒို ကျေးရွာ ၂ ခုကြားထဲမှာ  အထုပ်အပိုးတွေ တင်ဆောင်ထားတဲ့ မသင်္ကာဖွယ် ကား ၁၀ စီးလောက် မရှေးမနှောင်း မောင်းဝင်လာလို့ အားလုံးကို တားဆီးစစ်ဆေးခဲ့ကြောင်း၊  စစ်ဆေးချက်အရ  တရားမဝင်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ သယ်ဆောင်လာတာ သိရပြီး ကား ၁၀ စီးအနက် ယာဉ်မောင်းသူ ၂ ဦးက ကားရပ်ပြီး တောထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့  ထိုင်းစစ်တပ်အမှတ် ၅ ခြေမြန်တပ်ရင်းမှူး ဗိုလ်မှူးကြီး ကျကဖုန်း ထစ်ဖန်းက ယမန်နေ့သတင်းစာရှင်းလင်းပြောကြားပါတယ်။ 

  အဆိုပါကား ၁၀ စီးပေါ်ကနေ မြန်မာနိုင်ငံသား ၉၂ ဦးဖမ်းဆီးရမိပြီး သူတို့ဟာ ကရင်ပြည်နယ်ကဖြစ်ကြောင်း၊ ချင်းမိုင်မှာ လာအလုပ်လုပ်ဖို့ဖြစ်ပြီး ပွဲစားကို တစ်ဦးလျှင် ဘတ် ၂၀၀၀၀ နှုန်းပေးရတယ်လို့ ဆိုပါတယ်။ 

ကားသမားတွေကတော့ သူတို့အနေနဲ့ အဆိုပါလူတွေကို ထာ့ဆောင်ယန်းမြို့နယ်ကနေ ချင်းမိုင်ခရိုင် အုမ်းကွယ်ထိပို့ပေးဖို့ ကားတစ်စီးလျှင် ဘတ် ၅၀၀၀ ရရှိတယ်လို့ ဖွင့်ဟဝန်ခံပါတယ်။ 

တာ့ခ်ခရိုင်ထဲမှာ ခု နှစ်ရက်သုံးရက်အတွင်း ဝမ်းကျောက်၊ မယ်လမတ်၊ မဲဆောက်၊ ထာ့ဆောင်ယန်း စတဲ့မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၅၀၀ နီးပါး ဖမ်းဆီးရမိပြီး သူတို့ဟာ ထိုင်းထဲဝင်လာရဖို့ ပွဲစားကို ဘတ် ၂၅၀၀၀ ထိ ပေးခဲ့ရတယ်လို့ ထိုင်းတပ်ရင်းမှူးက ပြောသွားပါတယ် ။ 

အလားတူ ကန်ကျနပူရီခရိုင်ထဲမှာလည်း ဇန်နဝါရီလ ၁၇ ရက် တစ်နေ့တည်းတင် ထောင်းဖာဖုမ်း၊ ဆန်ခလပူရီ၊ ဆိုင်းယုဒ်စတဲ့မြို့နယ်တွင်းရှိ နေရာပေါင်း ၆ ခုကနေ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၁၀၇ ဦး၊ ထိုင်းယာဉ်မောင်းနဲ့လမ်းပြ ၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up