close

မောင်တောမြောက်ပိုင်း၌ ဝါးထုတ်လုပ်ခွင့် ကိုယ်စားလှယ်ချပေးလိုက်သဖြင့် ဒေသခံဝါးခုတ်သူများ အခက်ကြုံ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက ဝါးထုတ်လုပ်ခွင့် ကိုယ်စားလှယ် ပေးလိုက်တာကြောင့် ဒေသခံဝါးခုတ်သူတွေနဲ့ ဝါးစိုက်ပျိုးသူတွေ အခက်အခဲနဲ့ ကြုံတွေ့ နေကြရပါတယ်။

မောင်တောမြို့နယ် တရိမ်းကျေးရွာဝါးခုတ်တောင်သူ တစ်ဦးက  "အရင်က ကျနော်တို့ ဝါးအလုံး ၁၀၀ ကို သုံးသောင်းကျပ်အထိ ရောင်းနိုင်တယ်။ အခု ဝါးကိုယ်စားလှယ်က တစ်ရာသီကို နှစ်သောင်းပဲ သတ်မှတ်တော့ ဝါးခုတ်တောင်သူတွေအနေနဲ့ နစ်နာတယ်"လို့  ပြောပါတယ်။

မောင်တောမြို့နယ်မှာ ဝါးထုတ်လုပ်ခွင့် ကိုယ်စားလှယ်ချပေးတာ အရင်နှစ်တွေက မရှိပေမဲ့ အခုနှစ်မှာ ရှိလာတာကြောင့်  ဝါးစိုက်ပျိုးသူတွေ ပိုပြီးအခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

"ဝါးစိုက်သူတွေအတွက် အတော်လေးခက်သွားတယ်။ ကိုယ်ခြံက ထွက်တဲ့ဝါးကို အိမ်အတွက် သုံးဖို့ ခုတ်တာတောင် ခုတ်ခွင့်၊ သယ်ခွင့် မရှိဘူးဖြစ်နေတယ်”လို့ မောင်တောမြောက်ပိုင်းက တစ်နိုင်တစ်ပိုင်ဝါးစိုက်ပျိုးသူ တောင်သူတစ်ဦးက ဆိုပါတယ်။

ဝါးခုတ်တောင်သူတချို့ကတော အချိန်ပြည့်ဝယ်မယ့် ကိုယ်စားလှယ်​ရှိနေတာကြောင့် နေ့စဥ် ဝါးသွားခုတ်နိုင်ပြီး နေစဥ်ဝင်ငွေတိုးနေတယ်လို့ ပြောကြပါတယ်။

"ဝါးခုတ်တောင်သူတွေက အရင်ကဆို ခုတ်ပြီးသား ဝါးတွေ လိုက်လံရောင်းချရတာ မလွယ်ဘူး။ အခုက အချိန်ပြည့်ဝယ်မယ့်သူတွေ ရှိနေတော့ နေတိုင်းဝါးသွားခုတ်လို့ ရတယ်။ ဝယ်မယ့်သူ ရှာနေစရာ မလိုတောဘူး။ နေတိုင်းဝင်ငွေ ရနေတယ်။"လို့ သစ်တုံးနားခွဆုံကျေးရွာက ဝါးခုတ်တောင်သူ ဦးမောင်လှကျော်က ဆိုပါတယ်။

လက်ရှိ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် မီနီဘက်ဂျက်အထိ ဝါး အလုံးရေ ၆ သိန်း ထုတ်လုပ်ခွင့်ကိုယ်စားလှယ်ပေးထား​ပြီး အဲဒီဝါးတွေကို အခွန်ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ တင်ပို့နိုင်ကြောင်း မောင်တောမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။

ရခိုင်မှ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ဝါးတန်ချိန် ၁,၁၇၈ တန် (အမေရိကန်ဒေါ်လာ ၉၄,၀၀၀ တန်ဖိုး)အထိ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကလည်း ဝါးတန်ချိန် ၅၇၂ တန်ခန့် (အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ခန့်တန်ဖိုး)အထိ တင်ပို့နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးကိန်းဂဏန်းတွေအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up