close

ပစ္စည်းမဲ့ဒေါသတွေဖြစ်နေဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

နိုင်ငံအတွင်းမှာ ဆူကြုံအနိမ့်အမြင့် ကွာခြားမှုများတဲ့အတွက်ကြောင့် ပဋိပက္ခတွေ ဖြစ်နေကြတာဖြစ်ပြီး ပစ္စည်းမဲ့ဒေါသတွေ ဖြစ်နေတဲ့အကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရတယ်။

“ကျွန်တော်တို့ လိုအပ်တာဘာလဲဆိုရင်၊ တစ်နိုင်ငံလုံးမှာရှိတဲ့၊ ဒေသအားလုံးဟာ ဆူကြုံ အနိမ့်အမြင့်ကွာခြားမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့လိုတယ်။ အဲ့ဒီဆူကြုံ အနိမ့် အမြင့် ကွာခြားမှုများတဲ့အတွက်ကြောင့် ပဋိပက္ခတွေကျွန်တော်တို့ ဖြစ်နေကြတယ်။ ပစ္စည်းမဲ့ဒေါသတွေ။  ကွန်မြူနစ်စကား၊ နိုင်ငံရေးစကားပြောရရင် ပစ္စည်းမဲ့ ဒေါသတွေဖြစ်တယ်။ ငါတို့မှာမရှိဘူး။ မင်းတို့မှာရှိတယ်။ ငါတို့မှာ မလုပ်ရဘူး။ မင်းတို့ မှာလုပ်ရတယ်။ ငါတို့မှာမစားရဘူး။ မင်းတို့မှာစားရတယ်။ ငါတို့မှာမဝတ်ရဘူး။ မင်းတို့ မှာဝတ်ရတယ်။ ငါတို့မှာပညာမသင်ရဘူး။ မင်းတို့မှာသင်ရတယ်။ ဒါကွာခြားချက်တွေ ဖြစ်လာတဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီကွာခြားချက်ကိုအနိမ့်ဆုံးဖြစ်အောင် ကျွန်တော် တို့ဆောင်ရွက်ပေးရမယ်။”

စစ်တပ်တာဝန်ယူချိန်မှာ နိုင်ငံစီးပွာရေးပြန်လည်ကောင်းမွန် စေရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုတွေကို မြှင့်တင်နိုင်ရေး ဆောင်ရွက်နေပြီး အဓိကမှာပြည်သူ အားလုံး ထမင်းမငတ်ဖို့ ဖြစ်တယ်လို့လည်းပြောပါတယ်။ 

“ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်။ အထူးသဖြင့် နိုင်ငံကို ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားနေရ တာပါပဲ။ အကုန်လုံးကတော့ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံတာမြင်ချင်သလိုပါပဲ။ အစိုးရဆိုတာလည်း ပြည်သူ၊ ပြည်သားတွေချမ်းသာဖို့ အတွက်။ အာဏာရှင်တွေက လွဲရင်ပေါ့။ အာဏာရှင်တွေက ဒီလိုမျိုးစိတ်ရှိချင်မှလဲ ရှိလိမ့်မယ်။ သာမန်အားဖြင့် နိုင်ငံတစ်ခုကိုဦးဆောင် နေတဲ့ အစိုးရတို့၊ အဖွဲ့အစည်းတွေ ဆိုကတော့ ကိုယ်စားပြုပြီးသားတွေ၊ ကိုယ့်တိုင်း ပြည်ချမ်းသာ ကြွယ်ဝဖို့အတွက် လိုလားတာဖြစ်ပါတယ်။ အကုန်လုံးကြိုးစားနေတာ။ မကြိုးစားရင်၊ မလုပ်ရင်ဘာမှ မဖြစ်ပါဘူး။ လုပ်မှရမှာ။ အလကားနေပြီးတော့ သဘာဝကပေးတဲ့ ဟာလေးနဲ့ ကျေနပ်နေလို့မဖြစ်ဘူး။”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၃ ရက် နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအနေနဲ့ ၆၀ ရာခိုင်နှုန်းလောက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ နောက်ပိုင်းမှာ ပြန်လည်ကျဆင်းလာခဲ့တယ်လို့ လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Photo-MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up