close

ညံ့ဖျင်းသည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြစ်တင်

ပြီးခဲ့တဲ့နှစ်တွေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြဿနာနဲ့ ကမ္ဘာ့ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု ကိစ္စရပ်တွေအပေါ် ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု ညံ့ဖျင်း ပျက်ကွက်မှု ရှိခဲ့ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၂ ကုလသမဂ္ဂဦးစားပေးလုပ်ငန်းတွေအတွက် နိုင်ငံ ၁၉၃ နိုင်ငံကို သောကြာနေ့က မိန့်ခွန်းပြောကြားခဲ့တာပါ။

ဂူတာရက်စ်က “အဲဒီစိန်ခေါ်မှုတွေအတွက် အဓိကပြဿနာက ကမ္ဘာလုံးဆိုင်ရာစီမံအုပ်ချုပ်မှု ပျက်ကွက်မှုပါ။ ကမ္ဘာ့ကျန်းမာရေးကိစ္စကနေ  ဒစ်ဂျစ်တယ်နည်းပညာအထိ ကဏ္ဍစုံမှာ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိသေးဘဲ ခေတ်နောက်ကျနေတယ်” လို့ ပြောပါတယ်။

ကိုဗစ်ကပ်ဘေး ကာကွယ်ဆေးရရှိဖို့အတွက် သိပ္ပံနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပိုမိုအားစိုက်ကြဖို့ လိုနေသလို၊ ချမ်းသာသူတွေကို မျက်နှာသာပေးပြီး ဆင်းရဲသားတွေကို ချောက်ထဲတွန်းချနေတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ရဲ့ ကျင့်ဝတ်ဆိုင်ရာချွတ်ခြုံကျမှုကိုလည်း အပြစ်တင်ခဲ့ပါတယ်။

သူက “အခု အရေးပေါ် မဆောင်ရွက်ကြရင် ၂၀၂၀ မှာပဲ ငွေကြေးအလွန်အကျွံဖောင်းပွမှု၊ စွမ်းအင်ဈေးနှုန်း  အဆမတန်မြင့်မားမှု၊ ကြွေးမြီနွံနစ်မှုတွေ ကြုံကြရမယ်၊ အဓိက ထိခိုက်နစ်နာမှာ ဆင်းရဲတဲ့နိုင်ငံတွေပါ” လို့ ပြောခဲ့ပါတယ်။

“၁၉၄၅ ခုနှစ်ကတည်းက ကမ္ဘာကြီးဟာ အကြမ်းဖက်ပဋိပက္ခတွေ မရေတွက်နိုင်အောင် ကြုံတွေ့လာရတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးရအောင် တိုးမြှင့်လုပ်ဆောင်ပါ၊ နည်းပညာရဲ့ အသုံးချခံ မဖြစ်စေပါနဲ့၊ နည်းပညာကို အသုံးချကြပါ” လို့ သူ့မိန်းခွန်းမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up