close

ဝေါမြို့နယ် လျှပ်စစ်မီတာရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ပဲခူးတိုင်း ဝေါမြို့နယ် လျှပ်စစ်မီတာရုံးမှာ ဇန်နဝါရီ ၁၈ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ Waw-PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဝေါမြို့နယ် လျှပ်စစ်မီတာရုံးကို မနေ့က ည ၇ နာရီခွဲနဲ့ ည ၉ နာရီမှာ Waw-PDF တပ်ဖွဲ့ က ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်ခဲတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ Waw-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဝေါမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ မီတာမဆောင်တဲ့ နေအိမ်တွေကို မီတာပုံးဖြုတ်သိမ်းမယ်ဆိုပြီး ခြိမ်းကြောက်နေတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူလူထုတွ‌ေ အကြပ်အတည်း ဒုက္ခရောက်နေချိန်မှာ မီးတာပုံးတွေကို ဖြုတ်သိမ်းဖို့ လုပ်ဆောင်တဲ့ ဝန်ထမ်းတွေကိုလည်း ဝေါ PDF တပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်း သွားမယ်လို့ပြောပါတယ်။

ဝေါမြို့ဒေသခံတစ်ယောက်က “လျှပ်စစ်မီးတာရုံးဘက်က ပေါက်ကွဲသံတော့ အကျယ်ကြီးကြားလိုက်ရတယ်ဗျ။ ညဘက်ကြီးဆိုတော့ ကျမတို့လည်း သွားမကြည့်ရဲဘူး။ ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ဆိုင်ကယ်တွေ ကားတွေကို စစ်ဆေးတာတွေလုပ်နေတယ်” လို့ ပြောပါတယ်။

ဝေါ PDF တပ်ဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသလို ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီရဲ့ လက်ပါးစေထောက်တိုက်တွေကိုပါ အမြစ်ပြတ်ခြေမှုန်းသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ နီးစပ်တဲ့နေရာတွေနဲ့ အဆောက်ဦတွေကို သွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

အဲဒီ ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးတဲ့ အခြေနေကို သိရှိနိုင်ဖို့ ဝေါမြို့မရဲစခန်းကို တယ်လီဖုန်နဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up